ချင်းပြည်နယ်၊ ကန်ပက်လက်မြို့နယ်၊ ဖျန်ချောင်းကျေးရွာအတွင်းသို့ စစ်ကောင်စီက ဧပြီ ၃ ရက်တွင် ရုတ်တရက် ဝင်ရောက်လာသောကြောင့် ရွာသူ၊ ရွာသားများဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်ခဲ့ကြရပြီး ရွာအတွင်းပိတ်မိနေခဲ့သည့် ပြည်သူတစ်ဦးကို စစ်ကောင်စီတပ်သားများကပစ်သတ်ခဲ့ကြောင်း ကန်ပက်လက်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ယနေ့သတင်းထုတ်ပြန်သည်။
ပြီးခဲ့သည့် ရက်သတ္တပတ်ခန့်က ရဟတ်ယာဥ်ဖြင့်လာရောက်ပို့ဆောင်ခဲ့သော စစ်ကောင်စီတပ်သားများသည် တောတွင်းတစ်နေရာမှ ထွက်ပေါ်လာပြီး ဖျန်ချောင်းရွာအတွင်း ရုတ်တရက်ဝင်ရောက်လာခြင်းဖြစ်ကြောင်း CDF (ကန်ပက်လက်) ပြန်ကြားရေးတာဝန်ရှိသူ အမျိုးသမီးတစ်ဦးက MPA ကိုပြောသည်။
“ စစ်သားတွေလာပြီဆိုတော့ ရွာသူ၊ ရွာသားတွေကလည်း ပြင်ဆင်ချိန်မရှိဘဲ ရုတ်တရက်ကြီး ထွက်ပြေးကြရတယ်ပေါ့နော်။ အဲ့ဒီမှာ ရွာသားတွေရဲ့ ပြောပြချက်အရပေါ့နော်။ သူ(အသတ်ခံရသူ)က စစ်သားတွေလာပြီဆိုတော့ အချိန်ရသေးတယ်လို့လည်းထင်လို့ဖြစ်မယ်၊ အဲ့ဒီလောက်ကြီးမဆိုးလောက်ဘူးလို့လည်း ထင်လို့ဖြစ်မှာ။ သူကရွာထဲမှာပဲကျန်ခဲ့သေးတာ။ အဲ့ဒီအချိန်မှာ စစ်သားတွေလည်း သိပ်မကြာခင် ရွာထဲဝင်လာတာ။ ပြီးတော့နောက်ကလည်း ကာကွယ်ရေးအဖွဲ့တွေရောက်လာပြီး တိုက်ပွဲဖြစ်တဲ့အခါကျတော့ ပိတ်မိသွားပြီး စစ်သားတွေက သူ့ကိုပစ်သတ်သွားတယ်လို့သိရတယ်” ဟု ၎င်းကရှင်းပြသည်။
အသတ်ခံရသူမှာ အသက် ၆၅ နှစ်အရွယ် အမျိုးသားတစ်ဦးဖြစ်ပြီး အခြားအသက်အရွယ်ကြီးသူ ၂ ဦးမှာလည်း ပျောက်ဆုံးနေဆဲဖြစ်ကာ ထွက်ပြေးလာသည့် ရွာသူ၊ ရွာသား ၁၅၀ ကျော်ကို ကန်ပက်လက်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့နှင့် CDF (ကန်ပက်လက်)တို့က လုံခြုံသည့်နေရာတွင်ထားရှိ၍ လိုအပ်သည့်အကူအညီများပေးလျက်ရှိကြောင်း သိရသည်။
“ ဖျန်ချောင်းက ကျင်ဒွေးနဲ့ဆောမြို့ကြားမှာရှိတာ။ ကျင်ဒွေးမှာတိုက်ပွဲဖြစ်နေတာကလည်း ၃ လလောက်ရှိပြီလေ။ အဲ့ဒါဆိုတော့ လမ်းကြောတွေကလည်းပိတ်နေတယ်။ ပြီးတော့ ဖျန်ချောင်းကိုစစ်သားတွေဝင်တော့ ဖိနပ်တောင်မပါဘဲပြေးကြရတာတွေရှိတယ်။ ဘာမှမသယ်နိုင်ကြဘူးပေါ့နော်။ အဲ့ဒီတော့ စားနပ်ရိက္ခာတွေခက်ခဲကြမှာ။ အဲ့ဒီဘက်က ဆန်ဆိုလည်းစျေးကြီးနေတော့ အဲ့ဒါတွေအကူအညီလိုမယ်ဗျ။ အဓိကစားဝတ်နေရေးအခက်အခဲပေါ့လေ” ဟု ကန်ပက်လက်ဒေသခံအမျိုးသားတစ်ဦးက ဆိုသည်။
လက်ရှိတွင် စစ်ကောင်စီတပ်သားများသည် ဖျန်ချောင်းကျေးရွာအတွင်း တပ်စွဲထားဆဲဖြစ်ကာ ထိတွေ့တိုက်ပွဲများလည်း ဆက်လက်ဖြစ်ပွားနေပြီး စစ်ရေးအခြေအနေများနှင့်ပတ်သက်၍ ဖြေကြားရန်အဆင်မပြေသေးကြောင်း CDF (ကန်ပက်လက်)တာဝန်ရှိသူကပြောသည်။
စစ်ကောင်စီနှင့် ဒေသကာကွယ်ရေးတပ်ဖွဲ့များအကြား တိုက်ပွဲဖြစ်ပွားနေမှုနှင့် စစ်သားများ၏ မီးရှို့ဖျက်ဆီးမှုကြောင့် ဖျန်ချောင်းရွာရှိ ပြည်သူပိုင်နေအိမ်အချို့ မီးလောင်ပျက်စီးလျက်ရှိနေပြီး အသေးစိတ်ကို မသိရှိရသေးကြောင်း ကန်ပက်လက်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့၏ ထုတ်ပြန်ချက်အရသိရသည်။