ရခိုင်ပြည်နယ်အတွင်း ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာ ၁၃ ရက်မှ စတင်ဖြစ်ပွားခဲ့သော တိုက်ပွဲများကြောင့် အရပ်သားသေဆုံးမှု ၂၀၀ နီးပါးအထိရှိကြောင်း ရက္ခိုင့်တပ်တော်၏ လူသားချင်းစာနာထောက်ထားမှုနှင့် ဖွံ့ဖြိုးတိုးတက်ရေးညှိနှိုင်းရေးရုံးက ထုတ်ပြန်ထားသည်။
ပြီးခဲ့သည့် နိုဝင်ဘာ ၁၃ ရက်မှ စတင်ကာ ၂၀၂၄ ခုနှစ်၊ မတ်လ ၂၁ ရက်အထိ ရခိုင်ပြည်နယ်အတွင်း စစ်ပွဲများကြောင့် အပြစ်မဲ့အရပ်သားပြည်သူသေဆုံးမှုသည် ၁၇၉ ဦးရှိကြောင်း ထုတ်ပြန်ချက်တွင်ထည့်သွင်းဖော်ပြထားသည်။
“အခု စစ်ကောင်စီက လက်နက်ကြီးနဲ့ ပစ်ခတ်သလို၊ လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်တာတွေလည်း ရှိပါတယ်။ မနေ့ကဆိုရင်လည်း ကျောက်တော်မြို့ကို လေယာဉ်နဲ့ ဗုံးကြဲခဲ့လို့ ၂၀ ကျော်လောက် ထိခိုက်ဒဏ်ရာတွေရခဲ့ကြတယ်။ ဆယ်တန်းကျောင်းသား တစ်ယောက်လည်း သေသွားတယ်။ ရက္ခိုင့်တပ်တော်က ထုတ်ပြန်တဲ့ စာရင်းတွေက မတ်လအလယ်လောက်ထိပဲ ရှိပါသေးတယ်။ အဲ့ဒါကြောင့် တစ်ရာကျော်လောက်သာ ဒီစာရင်းထဲ ရှိနေတာပါ။ တကယ်လက်တွေ့မှာဆိုရင် ဒီနေ့အထိသေကြေထိခိုက်မှုတွေက အဲ့ဒီစာရင်းတွေထက် များပါတယ်”ရခိုင်ဒေသတွင်း လူမှုကူညီရေးလုပ်ဆောင်ပေးနေသူတစ်ဦးက ရှင်းပြသည်။
ရက္ခိုင့်တပ်တော်၏ လူသားချင်းစာနာထောက်ထားမှုနှင့် ဖွံ့ဖြိုးတိုးတက်ရေးညှိနှိုင်းရေးရုံးမှ ထုတ်ပြန်ထားသော အရပ်သားသေဆုံးမှုစာရင်းတွင် အမျိုးသား ၁၁၅ ဦးရှိပြီး အမျိုးသမီး သေဆုံးမှု ၆၄ ဦးရှိကြောင်း သိရသည်။
“အခုဆိုလို့ရှိရင် ရခိုင်တပြည်လုံးက ပြည်သူတွေက စစ်ကောင်စီရဲ့ လမ်းကြောင်းပိတ်ဆို့မှုတွေကြောင့် စားဝတ်နေရေး အခက်အခဲတွေ ကြုံတွေ့နေရတယ်။ ရခိုင်ပြည်နယ်က ဗမာပြည်ကနေပြီး ကုန်စည်စီးဆင်းမှုကို အဓိကအားထားနေရတဲ့ ပြည်နယ်တစ်ခုပါ။ အခုလိုတွေ ပိတ်ဆို့တာကြောင့် တရားဝင်ကုန်သွယ်လို့ မရတဲ့အခါမှာ တရားမဝင်တဲ့လမ်းတွေကိုဖြတ်ပြီး လာရတဲ့အခါမှာ ကုန်ဈေးနှုန်းတွေက အဆမတန်မြင့်တက်လာတာ။ လူသုံးကုန်၊ မီးဖိုချောင်သုံးစသဖြင့် အခြေခံလိုအပ်ချက်တွေက အဆမတန်ဈေးတွေ တက်နေတာ။ အခုဆို စစ်ဘေးအပြင် အငတ်ဘေးဒုက္ခပါ ကြုံနေရတာ”ဟု မင်းပြားမြို့နယ်အတွင်းနေထိုင်သည့် ဒေသခံတစ်ဦးက ဆိုသည်။
ရက္ခိုင့်တပ်တော်၏ လူသားချင်းစာနာထောက်ထားမှုနှင့် ဖွံ့ဖြိုးတိုးတက်ရေးညှိနှိုင်းရေးရုံး၏ စာရင်းများအရ ရခိုင်တိုက်ပွဲ ၄ လကျော်ကာလအတွင်း သေဆုံးသူ ၁၇၉ ဦးထိ ရှိခဲ့သလို ထိခိုက်ဒဏ်ရာရရှိသူ ၄၆၈ ဦးထိ ရှိကြောင်း သိရသည်။
သေဆုံးသူစာရင်းတွင် အသက် ၁၈ အောက်နှစ် ကလေးငယ် ၃၉ ဦးအထိပါဝင်ပြီး ထိခိုက်ဒဏ်ရာရသူစာရင်းတွင် အသက် ၁၈ နှစ်အောက်ကလေးငယ် ၁၂၄ ဦးအထိ ပါဝင်နေသည်။
“ဒေသခံတွေက စစ်ဘေးကြောင့် သေကြေပျက်စီးကြရသလို၊ အိုးအိမ်တွေလည်း စွန့်ခွာပြီး တိမ်းရှောင်နေကြရတယ်။ ဒီလိုပုံစံမျိုးတွေသာ ရှေ့လျှောက်ဆက်ပြီး ဖြစ်နေမယ်ဆိုရင် ဒေသခံတွေအနေနဲ့က အကျပ်အတည်းနဲ့ ပိုမိုရင်ဆိုင်ကြရမှာပါ။ ဒေသထွက်ကုန်တွေကလည်း မရှိတဲ့အပြင် ကုန်ဈေးနှုန်းတွေ ကြီးမြင့်နေတဲ့အခါမှာ အခက်အခဲတွေ များစွာရှိနေတာပါ။ ပြည်သူတွေ အနေနဲ့က ပြည်သူတွေ ရသင့်ရထိုက်တဲ့ အခွင့်အရေးတွေကို အပြည့်အဝမရတဲ့အပြင်ကို ဆိုးဆိုးရွားရွား ဒုက္ခခံနေကြရတဲ့အဖြစ်ပါ” ဟု လူ့အခွင့်အရေးကာကွယ်မြှင့်တင်သူတစ်ဦးက ဆိုသည်။
ရခိုင်ဒေသအတွင်း အရှုံးနှင့် ရင်ဆိုင်နေရသော စစ်ကောင်စီသည် စစ်ရေးပစ်မှတ်များမဟုတ်သော အရပ်သားပြည်သူများ နေထိုင်ရာ ကျေးရွာနှင့် မြို့များအပါအဝင် စစ်ရှောင်စခန်းများနှင့် ဆေးရုံ၊ ဆေးခန်းအပြင် သာသနိကအဆောက်အအုံများကိုလည်း လေကြောင်း အသုံးပြုတိုက်ခိုက်မှုများ နေ့စဉ်ပြုလုပ်နေကြောင်း ဒေသခံများထံမှ သိရသည်။