အာဏာသိမ်းပြီးသည့် အချိန်မှစ၍ လက်ရှိအချိန်ထိ စစ်ကောင်စီဖမ်းဆီးထိန်းသိမ်းခြင်းကို ခံထားရသည့် နိုင်ငံရေးအကျဉ်းသူ စုစုပေါင်း ၆၀၀၀ ကျော်ရှိနေကြောင်း နိုင်ငံရေးအကျဉ်းသူများအဖွဲ့ (Women’s Organization Of Political Prisoners – WOPP) ထံမှ သိရသည်။
“အာဏာသိမ်းပြီးနောက် လက်ရှိမှာနိုင်ငံရေးအကျဉ်းသူတွေလွတ်မြောက်ပြီးတော့မှ ကျန်ရှိနေတဲ့စာရင်းပါ။ လတ်တလောမှာ ဆေးဝါးနဲ့စားဝတ်နေရေးက ထောင်တွင်းပိုင်းမှာ အလိုအပ်ဆုံးဖြစ်နေတယ်” ဟု WOPP ၏ တည်ထောင်သူ မဇူးဇူးမေယွန်းက MPA ကိုပြောသည်။
အကျဉ်းထောင်များအတွင်း ဆေးဝါးနှင့် အစားအသောက်မလုံလောက်သည့်အပြင် သောက်သုံးရေ မလုံလောက်ခြင်း၊ သန့်ရှင်းမှုမရှိခြင်း အစရှိသည့် ပြဿနာများနှင့်ပါ ရင်ဆိုင်ကြုံတွေ့နေရကြောင်း သိရသည်။
“ချိုးရေလုံလောက်မှု မရတာမျိုးတွေ၊ သောက်သုံးရေ လုံလောက်မှုမရှိသလို သောက်သုံးရေက သန့်ရှင်းတဲ့ရေ မဟုတ်တာတွေကို သောက်နေရတယ်၊ ပြီးတော့ မကြာသေးခင်က သူတို့ နိုင်ငံရေးအကျဉ်းသူ၊ အကျဉ်းသား တွေကို အဝတ်အစားနဲ့ ပတ်သက်ပြီး ကန့်သတ်လိုက်တာမျိုးတွေ ပါဆယ်နဲ့ ပတ်သက်ပြီး ကန့်သတ်လိုက်တာမျိုးတွေရှိတယ်၊ သူတို့ကန့်သတ်လိုက်တဲ့ အနေအထားမှာ လက်ရှိနိုင်ငံရေးအကျဉ်းသူ တစ်ယောက်ရဲ့ အဝတ်အစားဆို ၄၊ ၅ စုံနဲ့ လည်ပတ်နေရတယ် အဲ့ဒီလိုမျိုး ဒါဝတ်၊ ဒါချွတ် ဖြစ်နေတဲ့အခါကျတော့ ယားနာ ပေါက်နေတာမျိုးတွေလည်း လက်ရှိမှာခံစားနေရပါတယ်”ဟု မဇူးဇူးမေယွန်းက ရှင်းပြသည်။
ထို့ကြောင့် လတ်တလောတွင် ထောင်အတွင်းပိုင်း၌အလိုအပ်ဆုံးဖြစ်သည့် ဆေးဝါးနှင့် စားဝတ်နေရေးအတွက် ပံ့ပိုးပေးနိုင်ရန် ကြိုးစားသွားမည်ဖြစ်ပြီး ထောင်မှထွက်လာပြီးနောက် အခက်အခဲမျိုးစုံနှင့်ရင်ဆိုင်ကြုံတွေ့နေရသည့် နိုင်ငံရေးအကျဉ်းသူများကိုလည်း ကြိုးစားပံ့ပိုးပေးသွားမည်ဖြစ်ကြောင်း WOPP ကဆိုသည်။
ထို့ပြင် မြန်မာနိုင်ငံအသီးသီးရှိ အကျဉ်းထောင်များတွင် လက်ရှိအချိန်ထိ လူ့အခွင့်အရေးချိုးဖောက်မှုများ ရှိနေဆဲဖြစ်ပြီး၊ တစ်နေ့ထက်တစ်နေ့ ပိုမိုဆိုးဝါးလာကြောင်း နိုင်ငံရေးအကျဉ်းသားဟောင်းအချို့ထံမှ သိရသည်။
နိုင်ငံရေးအကျဉ်းသူဟောင်းတစ်ဦးက“နိုင်ငံရေးအကျဉ်းသူ၊ အကျဉ်းသားတွေကို ပုံစံနဲ့ထားတာမျိုးတွေ မထီမဲ့မြင် ပြုမူတာမျိုးတွေ ထောင်ထဲကနေ ထောင်အပြင်ကို အကြောင်းမရှိအကြောင်းရှာပြီး ခေါ်ထုတ်သတ်ဖြတ်တာ မျိုးတွေကြုံနေရတယ်၊ ရင်ဆိုင်နေရတယ်။ ဆေးဝါးလုံလောက်မှုမရရှိတာတွေ စားဝတ်နေရေးမှာ ခက်ခက်ခဲခဲနဲ့ထားတာ၊ တစ်ပေခွဲပတ်လည်လောက်နဲ့ အိပ်စက်တဲ့နေရာမျိုးတွေထားတာက လက်ရှိမှာ လုပ်ဆောင်နေဆဲဖြစ်တယ်” ဟု နိုင်ငံရေးအကျဉ်းသူဟောင်း တစ်ဦးကဆိုသည်။
ထို့ကြောင့် WOPP အနေဖြင့် နိုင်ငံရေးအကျဉ်းသားဟောင်းများ၊ မိတ်ဖက်အဖွဲ့အစည်းများနှင့်အတူ အကျဉ်း ထောင်များအတွင်း နိုင်ငံရေးအကျဉ်းသား အခွင့်အရေးအပြည့်အဝရရှိရေး၊ အကာအကွယ်ပေးရေး၊ ထိရောက်စွာ အရေးယူဆောင်ရွက်သွားမည်ဟု ကြေညာထားသည်။