ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကွတ်ခိုင်မြို့နယ်၊ ကောင်းခါးမြို့၊ ၂ရပ်ကွက်တွင်နေထိုင်သည့် စိတ်ဝေဒနာရှင် အမျိုးသားတစ်ဦးကို ကိုးကန့်တပ် – MNDAAက သတ်ပြီးနောက်၊ ရုပ်အလောင်းကို မြေမြှုပ်ခဲ့ကြောင်း ဒေသခံများထံမှ စုံစမ်းသိရှိရသည်။
စိတ်ဝေဒနာရောဂါခံစားနေရသူ အသက် ၄၃နှစ်အရွယ် ကိုဇော်ဆိုင်းသည် ပြီးခဲ့သည့် မတ် ၂၅ရက်တွင် သိန္နီမြို့နယ်၊ နမ့်ခိုက်ရွာသို့ မျိုးစပါးသွားယူရာ နေအိမ်သို့ ပြန်လည်ရောက်ရှိလာခြင်းမရှိသဖြင့် မိသားစုဝင်များက လိုက်လံရှာဖွေရာ ဧပြီ ၁ရက်တွင် ဟူးမင်းရွာနှင့် စယ်အူရွာကြား၌ မြေမြှုပ်ခံထားရသည့် ရုပ်အလောင်းကိုတွေ့ရှိခဲ့ခြင်းဖြစ်ပြီး ဧပြီ ၂ရက်နေ့တွင် မီးသင်္ဂြိုဟ်ခဲ့ကြောင်း သိရသည်။
“သူက ကလေး ၂ ယောက်နဲ့ အမေအိုကို လုပ်ကျွေးတဲ့သူပါ။ အရင်က စိတ်ရောဂါရှိတဲ့သူမဟုတ်ဘူး။ အမျိုးသမီးဖြစ်သူက သူ့ကိုထားသွားပြီးနောက် စိတ်ထိခိုက်ပြီး အခုလိုဖြစ်သွားတာ၊ စိတ်ဝေဒနာရှင်ဖြစ်ပေမယ့် ဖခင်တာဝန်၊ မိသားစုတာဝန်ကျေတဲ့သူပါ”ဟု မိသားစုဝင်နှင့် နီးစပ်သူက ပြောသည်။
စိတ်ဝေဒနာရှင် ကိုဇော်ဆိုင်းကို MNDAA တပ်သားများ သတ်ဖြတ်ခဲ့ခြင်းအား ဒေသခံအချို့မှ တွေ့ရှိခဲ့ခြင်းဖြစ်သည်။
ထို့ကြောင့် MNDAAကို သွားရောက်တိုင်ကြားပြီး ကျန်ရစ်ခဲ့သည့် မိသားစုများအတွက် တာဝန်ယူရန် ပြောကြားသော်လည်း MNDAAက တာဝန်မယူနိုင်ကြောင်း ငြင်းဆိုခဲ့သည်။
“သွားပြောတဲ့အချိန်မှာ သူတို့(MNDAA) အထက်လူကြီးကို အကြောင်းကြားမယ်ဆိုပြီးပြောတယ်။ နောက်မကြာဘူး ကိုဇော်ဆိုင်းက ကိုးကန့် တပ်သားနှစ်ယောက်ကို ဓားနဲ့ထိုးလို့ မိသားစုတွေကို တာဝန်မယူနိုင်ဘူးဆိုပြီး ပြန်ပြောလာတယ်။ ဇော်ဆိုင်းကို ခိုင်းနေတဲ့ လုပ်ငန်းရှင်တွေအများကြီးဘဲ သူတို့ကိုလိုက်မေးကြည့်ပါ သူက သူများကိုမကောင်းလုပ်ဖို့နေနေသာသာ၊ လူများနေတဲ့ နေရာထဲမှာတောင် မနေရဲဘူး။ သူလုပ်မယ်လို့လည်း မယုံဘူး” ဟု ကိုဇော်ဆိုင်း၏ သူငယ်ချင်းတစ်ဦးက ပြောသည်။
MNDAA က သတ်ခဲ့သည့် ကိုဇော်ဆိုင်းရုပ်အလောင်းအား ပြန်လည်တူးဖော်ချိန်တွင် လက်ကိုနောက်ပြန်ကြိုးချည်ထားပြီး၊ ဆာလာအိတ်ထဲသို့ ထည့်ထားခြင်းဖြစ်ကာ၊ ဘုရားကျောင်းစာအုပ်နှင့်အတူ မျိုးစပါး ၃ပြည်လည်းတွေ့ရကြောင်း ၎င်းက ဆက်လက်ရှင်းပြသည်။
ကိုဇော်ဆိုင်းကို MNDAAတပ်သားများ သတ်ခဲ့သည့် ကိစ္စနှင့်ပတ်သက်ပြီး MNDAA ပြောရေးဆိုခွင့်ရှိသူ လီကျာဝင်းကို တယ်လီဂရမ်မှ ဆက်သွယ်မေးမြန်းသော်လည်း ပြန်လည်ဖြေကြားခဲ့ခြင်းမရှိပေ။