ရခိုင်ပြည်နယ်၊ ရမ်းဗြဲမြို့နယ်သို့ စစ်ကောင်စီက ယနေ့(မတ် ၃၀ရက်)၊ မနက်ပိုင်းတွင် လေကြောင်းအသုံးပြုပြီး ဗုံးကြဲတိုက်ခိုက်ခဲ့မှုကြောင့် ကလေးငယ်တစ်ဦးသေဆုံးကာ၊ နှစ်ဦးဒဏ်ရာရရှိခဲ့ကြောင်း ဒေသခံများထံမှ စုံစမ်းသိရှိရသည်။
ရမ်းဗြဲမြို့နယ်အတွင်းရှိ ဖက်ကြပ်ကျေးရွာကို စစ်ကောင်စီတပ်မှ ယနေ့၊ မနက် ၁၁ နာရီဝန်းကျင်တွင် ဂျက်ဖိုက်တာဖြင့် ဗုံးကြဲခဲ့ခြင်းဖြစ်ပြီး အသက် ၁၃ နှစ်အရွယ်ကလေးတစ်ဦးသေဆုံးကာ အမျိုးသားတစ်ဦးနှင့် အမျိုးသမီးတစ်ဦးတို့ လည်းထိခိုက်မှုရှိခဲ့ကြောင်းသိရသည်။
“ ဟုတ်တယ်ဗျ ဗုံးကြဲသွားတာက ကလေးတစ်ယောက်သေတယ်။ တစ်ခြားထိတာတွေလဲရှိတယ်။ ဖက်ကြပ်ထဲမှာပဲကျတာ၊ တခြားနေရာတွေလဲကြဲတယ်။ အသေအပျောက်တော့မကြားမိဘူး” ဟု ရမ်းဗြဲမြို့ ဒေသခံတစ်ဦးကဆိုသည်။
ထို့ပြင် စစ်ကောင်စီတပ်အနေဖြင့် ဖက်ကြပ်ကျေးရွာအပြင် လက်ပံနှင့် ချောင်းနွယ်ရွာအပါအဝင် နေရာလေးခုကိုလည်းဗုံးကြဲမှုများရှိခဲ့ကြောင်းနှင့် ထိခိုက်မှုအခြေအနေကိုတော့မသိရှိရသေးပေ။
ရမ်းဗြဲမြို့နယ်ကို ပြီးခဲ့သည့် မတ်လ ၁၁ ရက်မှစတင်ကာ ရခိုင့်တပ်တော်AAက အပြီးသတ်သိမ်းယူထားခဲ့ခြင်းဖြစ်ပြီး မတ် ၁၂ ရက်နေ့ကလည်းစစ်ကောင်စီတပ်၏ စစ်သင်္ဘောမှ ပစ်ခတ်ခတ်မှုကြောင့် ရမ်းဗြဲဒေသခံတစ်ဦးသေဆုံးခဲ့ရ သေးသည်။
ထိုနည်းတူ သံတွဲမြို့နယ်တွင်စစ်ကောင်စီတပ်၏ စစ်သင်္ဘောမှ အကြောင်းမဲ့ပစ်ခတ်သည့်လက်နက်ကြီးကျည်များသည် ပုရစ်နှင့်ရေကောက်ကျေးရွာများအနီး ကျရောက်ပေါက်ကွဲခဲ့ကြောင်းသိရသည်။
“ မနက် လေးနာရီထိုးခါနီးတည်းက ရေတပ်သင်္ဘောတွေကနေပစ်တာ၊အကိုတို့က စစ်လမ်းကြောင်းတည့်တည့်ကျနေတော့ဘေးတော့မကင်းဘူး။ အခုတောင်ဗုံးခိုကျင်းထဲကမထွက်ရဲဘူး” ဟု သံတွဲဒေသခံတစ်ဦးက ဆိုသည်။
ထိုသို့စစ်ကောင်စီတပ်၏ အကြောင်းမဲ့ပစ်ခတ်မှုကြောင့် ဒေသခံများအနေဖြင်စိုးရိမ်မှုများရှိနေပြီး ဘေးလွတ်ရာနေရာများကိုတိမ်းရှောင်နေရကြောင်းသိရသည်။