စစ်ကိုင်းတိုင်း၊ ယင်းမာပင်နှင့် ဆားလင်းကြီးမြို့နယ်အတွင်းရှိ ဒေသခံ ၉၀၀၀ခန့် အရေးပေါ် စစ် ကြောင်းရှောင်နေရကြောင်း သိရသည်။
မတ်လ၂၂ရက်၊နံနက်၉နာရီခန့်တွင် မုံရွာမြို့၊ အနောက်မြောက်တိုင်းစစ်ဌာနချုပ်မှ သံပြားကာ စစ်ကား ၅စီးသည် ယင်းမာပင်မြို့နယ်၊အောင်ဇေယျမြို့သစ်ဘက်သို့ ရောက်လာကာ ညနေပိုင်း၌ ယင်းမာပင် မြို့နယ် ကျေးရွာများဆီသို့ စစ်ကြောင်း စထိုးခြင်းဖြစ်ကြောင်းစစ်ကိုင်းပြည်သူဖေးမကူကွန်ရက်က သတင်းထုတ်ပြန်သည်။
“ စစ်ကြောင်းက ထိုးလာတော့ ထွက်ပြေးနေကြရတော့တာပဲ။ စစ်ကြောင်းလာရင် ပြေးလိုက် ၊ ငြိမ်နေရင် ပြန်ဝင်နေလိုက်ပါပဲ။ အခုကတော့ စစ်ကြောင်းထိုးတယ်လို့ပဲ ကြားသေးတယ်။ ဘာသံမှတော့ မကြားရသေးဘူး” ဟု စစ်ကိုင်းပြည်သူဖေးမကူကွန်ရက်၏ သတင်းပြန်ကြားရေးတာဝန်ခံက MPA သို့ပြောသည်။
စစ်သားအင်အား ၁၅၀ခန့်ရှိ စစ်ကောင်စီတပ်သည် ယနေ့(မတ်လ၂၃ရက်) နံနက်၁၁နာရီခန့်တွင် ယင်းမာပင်မြို့နယ်၊ ပေကုန်းနှင့် ထန်းတောကုန်း ရွာသို့ ဝင်ရောက်နေကြောင်း ဒေသခံအချို့ထံက သိရသည်။
“ စစ်ကြောင်းထိုးလာတိုင်း တွေ့တဲ့သူ သတ်ဖြတ်သွားတာဆိုတော့ ရွာရှိ လူအကုန် ပြေးနေကြရတာ ပါ။ ရွာက အရက်သမားလည်း ဆွဲခေါ်ရတယ်။ ကလေးတွေလည်း စောင့်ရှောက်ရတယ်။ အခုထိတော့ ဘေးကင်းနေဆဲပါပဲ” ဟု ယင်းမာပင်မြို့နယ်၊ ဂုဏ်တောရွာသားတစ်ဦးက ဆိုသည်။
အဆိုပါ စစ်ကြောင်းကြောင့် ယင်းမာပင်နှင့် ဆားလင်းကြီးမြို့နယ်အတွင်းရှိ ရွာ၁၀ရွာက ဒေသခံများ တိမ်းရှောင်နေကြရ ကြောင်းသိရသည်။