ဧရာဝတီတိုင်း၊ အင်္ဂပူမြို့နယ်၊ မြန်အောင်အုပ်စု၊ ပွတ်ကုန်းကျေးရွာတွင် စစ်မှုထမ်းရန် မဲနှိုက်ရမည့် စာရင်း တွင် အုပ်ချုပ်ရေးမှူး၏ ဆွေမျိုးများ မပါသဖြင့် ရွာသားများက ဝိုင်းဝန်းကန့်ကွက်ကြသဖြင့် မဲနှိုက်မည့် အစီအစဉ်ပျက်သွားကြောင်း ဒေသခံရွာသား များထံက စုံစမ်းသိရှိရသည်။
ပွတ်ကုန်းကျေးရွာတွင် စစ်မှူထမ်းရန် အသက် ၂၄ မှ ၃၀ အထိ လူငယ်များအား ရွေးချယ်ရာတွင် ၂၅ ယောက်စာရင်း ထွက်လာသော်လည်း အုပ်ချုပ်ရေးမှူး ဦးသိန်းစိုး၏ ဆွေမျိုးများမပါကြောင်း အသက် ၄၀ အရွယ် ရွာခံအမျိုးသမီးတစ်ဦးက ပြောသည်။
“မနေ့က (မတ်လ ၁၉) အုပ်ချုပ်ရေးမှူးက သူ့ရုံးမှာစစ်မှုထမ်းဖို့ စားရင်းပါတဲ့ ၂၅ ယောက်ကို ခေါ်တယ်၊ အဲဒီ ၂၅ ယောက်ထဲက အရင်ဆုံး စစ်မှုထမ်းဖို့ ၂ ယောက်မဲနှိုက်ရမယ်တဲ့၊ ရွာသားတွေက မဲလည်းမနှိုက်ဘူး။ အခု ပါတဲ့ ၂၅ ယောက်မှာ အုပ်ကြီးအမျိုးတွေပါလား၊ အုပ်ကြီးအမျိုးတွေကျတစ်ယောက်မှမပါဘူး။ မနှိုက်နိုင်ဘူးဆိုပြီး အုပ်ကြီးနဲ့စကားများပြီး မဲနှိုက်ပွဲပျက်သွားတယ် ၊ အခုထိတော့ဘာမှပြန်လာမပြောသေးဘူး။ ဘာဆက်ဖြစ်မလဲမသိဘူး” ဟု ၎င်းကရှင်းပြသည်။
ပွတ်ကုန်းကျေးရွာတွင် အိမ်ခြေ ၄၀၀ နီးပါရှိပြီး ယခု စစ်မှုထမ်းရန် စာရင်းတွင်ပါဝင်လာသူများသည် ယခင် စစ်တပ်အာဏာသိမ်းမှူအား ဆန့်ကျင်ဆန္ဒပြရာတွင် ပါဝင်သူများဖြစ်ကြောင်း စစ်မှုထမ်းစာရင်းတွင် ပါဝင်သည့် အမျိုးသားတစ်ဦးက ပြောသည်။
“သူ(စစ်ကောင်စီခန့်အုပ်ချုပ်ရေးမှူးသိန်းစိုး)ပြောတာက သူရွေးတာမဟုတ်ဘူးတဲ့၊ လဝက က စာရင်းထွက်တာတဲ့ ၊ သူနဲ့မဆိုင်ဘူးတဲ့၊ ကျွန်တော်တို့ ကတော့မယုံဘူး။ သူအမျိုးတွေလည်းမပါဘူး။ ဆန္ဒပြပွဲမှာ ပါထားတဲ့လူငယ်တွေကြီးပဲ၊ တမင်အကွက်ချပြီး လုပ်ထား သလိုပဲ” ဟု ၎င်းက ဆိုသည်။
အင်္ဂပူမြို့နယ်၊ ကညင်ငူကျေးရွာတွင်လည်း မတ်လ အစောပိုင်းက စစ်မှုထမ်းဥပဒေအကြောင်း လာရောက်ရှင်းပြသည့် အုပ်ချုပ်ရေးမှူးအဖွဲ့နှင့် ရွာသားများ စကားများရန်ဖြစ်ခဲ့သေးကြောင်း အသက် ၃၀ အရွယ်အမျိုးသားတစ်ဦးကပြောသည်။
“ရွာသားတွေက စစ်မှုမထမ်းနိုင်ဘူး။ အေးဆေးပဲနေချင်တယ်၊ ဘာအာမာခံချက်မှမရှိဘဲ စစ်ထဲမဝင်နိုင်ဘူးဆိုပြီး ဝိုင်းပြောတာ၊ အုပ်ချုပ်ရေးမှူးက ရဲခေါ်တာ၊ အဲဒီမှာ ရဲကိုပါ ဝိုင်းရိုက်မယ်လုပ်လို့ ရွာထဲက လူကြီးတွေက လူစုခွဲပြီးပြန်လွှတ်ရတယ်” ဟု ၎င်းက ဆိုသည်။
စစ်ကောင်စီဝါဒဖြန့် တယ်လီဂရန်ချန်နယ်များတွင် ဧရာဝတီတိုင်းအတွင်ရှိလူငယ်အများပြားသည် ၎င်းတို့၏ ဆန္ဒသဘောထားအရ စစ်မှုထမ်းရန်စာရင်းများပေးသွင်းနေကြောင်း ဖော်ပြနေကြသည်။