တိုက်ပွဲပြင်းထန်နေသည့် စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်မြောက်ပိုင်းကို စစ်ကောင်စီကလက်နက်ကြီးပစ်ကူ အဆက်မပြတ်ပေးနေမှုကြောင့် အရပ်သားနေအိမ်များအပေါ် ကျရောက်ပေါက်ကွဲခဲ့ပြီး ၁၀ နှစ်အရွယ်ကလေးငယ်အပါအဝင် ၃ ဦးသေဆုံးကာ ဒေသခံအများအပြားထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း မြေပြင်သတင်းရင်းမြစ်များထံက သိရသည်။
ကလေးမြောက်ပိုင်း၊ စစ်ကောင်စီအထိုင်ချ ကျောင်းတိုက်ပျူစောထီးရွာကို မတ်လ ၁၆ ရက်၊ နံနက် ၃ နာရီအချိန်တွင် ဒေသကာကွယ်ရေးပူးပေါင်းတပ်များက ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ကလေးမြို့ပေါ်တွင်အခြေစိုက်ထားသည့် စစ်ကောင်စီတပ်က တရစပ်ပစ်ကူပေးခဲ့သည့် လက်နက်ကြီးကျည်များ ပျဥ်းခုံလေးရွာသို့ ကျရောက်ပေါက်ကွဲခဲ့သောကြောင့် ဒေသခံများထိခိုက်သေဆုံးသွားရခြင်းဖြစ်ကြောင်း ကလေးမြောက်ပိုင်းတွင် နေထိုင်သည့် ဒေသခံတစ်ဦးက MPA ကိုပြောသည်။
“ ပျဥ်းခုံလေးက လောလောဆယ် ၃ ယောက်သေတယ်။ ထိခိုက်ဒဏ်ရာရသူတွေလည်း ရှိတယ်လို့သိရတယ်။ လက်ပံချောင်းဘက်လည်း ကျတာရှိတယ်။ ၄ ယောက် ထိခိုက်ဒဏ်ရာရတယ်။ သေဆုံးတာတော့မရှိဘူး။ နတ်ကြီးကုန်း၊ နန်းချောင်းဘက်တွေလည်း ကျတယ်ပြောတယ်။ နေအိမ်တွေလည်း ပျက်စီးတယ်။ အတိအကျတော့ မသိရသေးဘူး။ မနေ့ကလက်နက်ကြီး တရစပ်ကိုထုတာ။ လေယာဥ်နဲ့လည်း သုံး၊ လေးခေါက်လာပစ်တယ်” ဟု ၎င်းကရှင်းပြသည်။
စစ်ကောင်စီလက်နက်ကြီးကြောင့် သေဆုံးသွားသူများမှာ အသက် ၁၀ နှစ်အရွယ် Angel Vanrempuii ၊ အသက် ၃၂ နှစ်အရွယ် Pi Edenthariနှင့် အသက် ၆၂ နှစ်အရွယ် Pi Lalfamkimi တို့ဖြစ်ပြီး ထိခိုက်ဒဏ်ရာရသူများတွင် စိုးရိမ်ရသည့်လူနာများလည်းပါကြောင်း သိရသည်။
ယမန်နေ့တိုက်ပွဲတွင် ကျောင်းတိုက်ပျူစောထီးကျေးရွာကို ဒေသကာကွယ်ရေးတပ်ဖွဲ့များက သိမ်းပိုက်နိုင်ခဲ့ပြီး စစ်ကောင်စီက လက်နက်ကြီးပစ်ကူများစွာပေးခဲ့သည့်အပြင် Mi35 ဖြင့် လေကြောင်းပစ်ကူများပေးနေခြင်းကြောင့် ကလေးမြောက်ပိုင်းကျေးရွာများတွင်နေထိုင်သည့် ဒေသခံအများအပြား ဘေးလွတ်ရာသို့ရှောင်တိမ်းနေရသည်။
“ ကျောင်းတိုက်ကို သိမ်းပြီးပြီ။ ဒီကောင်တွေ(စကစနှင့်ပျူများ) ဆည်တော်ဦးဘက်ကိုဆုတ်သွားတယ်။ အခုလည်း ဆက်ပြီးအဲ့ဒီဘက်မှာတိုက်ပွဲဖြစ်နေတယ်။ ကလေးမြို့က လက်နက်ကြီးလည်းထုနေပြီ” ဟု မြေပြင်စစ်ရေးသတင်းရင်းမြစ်က MPA ကိုပြောသည်။
ပြီးခဲ့သည့် မတ်လ ၁၄ ရက်ကလည်း စစ်ကောင်စီ၏ လက်နက်ကြီးပစ်ခတ်မှုကြောင့် လက်ပံချောင်းရွာအတွင်း ကျရောက်ပေါက်ကွဲခဲ့သဖြင့် အရပ်သား ၂ ဦးသေဆုံးကာ ကလေးငယ်များအပါအဝင် ၆ ဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။