ရှမ်းပြည်နယ်တောင်ပိုင်း၊ ဟိုပုံးမြို့နယ်၊ မဲနယ်တောင်ဒေသရှိ နမ့်ဟူးကျေးရွာကို ယမန်နေ့(မတ် ၁၃ရက်)တွင် စစ်ကောင်စီတပ်က မီးရှို့ခဲ့ခြင်းကြောင့် အိမ်ခြေ ၉၀ကျော် မီးလောင်ခဲ့ကြောင်း သိရသည်။
နမ့်ဟူးကျေးရွာအနီးတွင် စစ်ကောင်စီတပ်နှင့် ၎င်းတို့၏ လက်အောက်ခံ ပြည်သူ့စစ်များ တပ်စွဲထားခြင်းဖြစ်ပြီး ဒေသခံများကို ခြိမ်းခြောက်မှုအနေဖြင့် ရွာလုံးကျွတ်မီးရှိုး ဖျက်ဆီးခဲ့ခြင်းဖြစ်ကြောင်း ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (PNLA) ပြောရေးဆိုခွင့်ရှိသူ ခွန်ရိန်းယံက ပြောသည်။
“ကျတော်တို့ တပ်ဖွဲ့က အဲ့ဒီဘက်တွေကို မရောက်သေးဘူးဗျ၊ ရောက်ဖို့လည်းအဆင်ပြေသေးဘူး။ နမ့်ဟူးရွာ ရောက်ဖို့ဆိုတာ လယ်ကွင်းအများအပြားဖြတ်ရမယ်။ အဲ့ဒါကြောင့် စစ်ကောင်စီက အခုလိုလုပ်တာဟာ ဒေသခံကို ခြိမ်းခြောက်တဲ့ သဘောမျိုးရောက်တယ်”ဟု ခွန်ရိန်းယံက ပြောသည်။
ထို့ပြင် နမ့်ဟူးကျေးရွာကို စစ်တပ်က မီးရှို့ဖျက်ဆီးပြီးနောက် တော်လှန်ရေးတပ်ဖွဲ့များက ရွာကိုမီးရှို့သည်ဟုဆိုကာ သတင်းမှားများ ထုတ်လွှင့်ပြီး တော်လှန်ရေးတပ်ဖွဲ့များနှင့် ပြည်သူများအကြား သွေးခွဲနေကြောင်း ခွန်ရိန်းယံက ဆက်လက်ရှင်းပြသည်။
“တိုက်ပွဲလည်း မဖြစ်ဘူး။ စစ်ကောင်စီက တမင်ကို မီးရိူ့လိုက်တာ၊ လူထိခိုက်မှုရှိမရှိတော့ စုံစမ်းနေတုန်းပါ၊ ဘာလို့လဲဆိုတော့ အဲ့ဒီရွာမှာ ဖုန်းလိုင်းသိပ်မိဘူး”ဟု ဟိုပုံးမြို့ခံ ပအိုဝ်းလူငယ် အမျိုးသားတစ်ဦးက ပြောသည်။
လက်ရှိတွင် ရွာလုံးကျွတ်နီးပါး မီးရှို့ခဲခံရသည့် နမ့်ဟူးကျေးရွာမှ ဒေသခံများသည် ဘေးလွတ်ရာကျေးရွာများသို့ ထွက်ပြေးခိုလှုံနေရကြောင်း သိရသည်။
အလာတူ ပြီးခဲ့သည့် မတ်၁၂ရက်တွင်လည်း စစ်ကောင်စီတပ်သည် ဆိုက်ခေါင်စံပြကျေးရွာမှ ဆီဆိုင်မြို့သို့ လက်နက် ကြီးများဖြင့် အကြိမ် ၈၀ ကျော် ပစ်ခတ်ခဲ့သဖြင့် နေအိမ် ၁၄လုံးထက်မနည်း ထိခိုက်ပျက်စီးခဲ့သေးသည်။