ပဲခူးတိုင်း၊ ထန်းတပင်မြို့နယ်၊ ဇရပ်ကြီးမြို့၊ အရှေ့ဂွအိုင်ကျေးရွာကို စစ်ကောင်စီတပ်ဖွဲ့ဝင်များကလက်နက်ကြီးများဖြင့် ပစ်ခတ်ဝင်ရောက်လာမှုကြောင့် ကျေးရွာနေပြည်သူများအရေးပေါ်ထွက်ပြေးတိမ်းရှောင်နေရကြောင်း ဒေသခံများထံက စုံစမ်းသိရှိရသည်။
ပြီးခဲ့သည့် မတ်လ ၁၀ ရက်ကစတင်၍ စစ်ကောင်စီစစ်ကြောင်းက လက်နက်ကြီးများဖြင့် ပစ်ခတ်ဝင်ရောက် လာသဖြင့် အရှေ့ဂွအိုင်ကျေးရွာသားများနီးစပ်ရာ တောတောင်များအတွင်းသို့ အရေးပေါ်ထွက်ပြေးတိမ်းရှောင်လာရခြင်းဖြစ်ကြောင်း အသက် ၄၀အရွယ် ဒေသခံအမျိုးသမီးတစ်ဦးက ပြောသည်။
“ရွာထဲလက်နက်ကြီးတွေကျတာ၊ လက်နက်ကြီးထိတဲ့သူတွေလည်း ရှိတယ်၊ ဘယ်သူတွေ သေတယ်၊ ဒဏ်ရာရတယ်သေချာမသိရသေးဘူး။ တောလမ်းကနေပြေးလားရတာ၊ ထမင်းတွေလည်းမစားရဘူး။ လက်နက်ကြီးက တရစပ် ပစ်နေတာ၊ လူတွေလည်း တကွဲတပြားတွေဖြစ်ကုန်ပြီ၊ မိသားစုတွေလည်းမစုံဘူး။ အခုအစ်မတို့ ၂၅ မိုင်လောက်လမ်းရှောက်ပြီး ပရဟိတအသင်းတွေဆီ ဖုန်းဆက်လာခေါ်ခိုင်းရတာ”ဟု ၎င်းကရှင်းပြသည်။
ဇရပ်ကြီးမြို့နယ်တွင် ပြီးခဲ့သည့် ဖေဖော်ဝါရီ ၇ ရက်က စစ်ကောင်စီတပ်ဖွဲ့ ဝင်များနှင့် တော်လှန်ရေးတပ်ဖွဲ့များတိုက်ပွဲများ အပြင်းအထန်ဖြစ်ပွားခဲ့ခြင်းကြောင့် ပြည်သူအများပြားထွက်ပြေး တိမ်းရှောင်ခဲ့ရသည်။
“အရင်တိုက်ပွဲတုန်းက ကျွန်တော်တို့ ဂွအိုင်ဘက်က အေးတယ်ဗျ၊ စစ်မရှောင်ရဘူး။ အခုရက်မှ စစ်ကြောင်းက ဒီဘက်မှာ တော်လှန်ရေးအဖွဲ့တွေရှိတယ်ဆိုပြီး ထိုးစစ်ဆင်လာတာ၊ အဲဒါကြောင့်ထွက်ပြေးလာရတာ၊ အခု ကျွန်တော်တို့ တောင်ငူစစ်ရှောင်စခန်းတွေကိုရောက်တာ ၄၅ ယောက်လောက်ပဲ ရှိသေးတယ်၊ တောထဲမှာ ၁၅၀ လောက် ကျန်အုံးမယ်၊ အဆက်အသွယ်တွေလည်းမရဘူး”ဟု ထွက်ပြေးတိမ်းရှောင်လာရသည့် အသက် ၃၀ အရွယ် အမျိုးသားတစ်ဦးဆိုသည်။
စစ်ကောင်စီတပ်ဖွဲ့ဝင်များက ထိုးစစ်ဆင်ဝင်ရောက်လာခြင်းကြောင့် တော်လှန်ရေးတပ်ဖွဲ့ဝင်များနှင့် ထိတွေ့တိုက်ပွဲ ပြင်းထန်နေကြောင်း ရဲဘော်တစ်ဦးက ပြောသည်။
“မနေ့က(မတ်လ ၁၁)မနက်ပိုင်းလောက်တည်းက တိုက်ပွဲဖြစ်တာ၊ အခုလည်းဖြစ်နေတယ်၊ ထိခိုက်သေဆုံးမှုတော့ မသိရသေးဘူး။ KNU ဗဟိုက ထုတ်ပြန်ပါလိမ့်မယ်”ဟု ၎င်းကဆိုသည်။
ပြီးခဲ့သည့် ဖေဖော်ဝါရီ ၇ ရက်က တိုက်ပွဲများပြင်းထန်ခဲ့ခြင်းကြောင့် ဒေသခံပြည်သူ ၂ သောင်းနီးပါး ထွက်ပြေးတိမ်းရှောင်ခဲ့ရပြီး တိုက်ပွဲအေးသွားသဖြင့် ဒေသခံ ၁ သောင်းကျော်မှာ နေရပ်သို့ပြန်လည်ဝင်ရောက်ချိန် တိုက်ပွဲများ တစ်ကျော့ပြန် စတင်လာခဲ့ခြင်းဖြစ်သည်။