ရခိုင်ပြည်နယ်၊ ရမ်းဗြဲမြို့ကို ရက္ခိုင့်တပ်တော်က ၃ လနီးပါး ထိုးစစ်ဆင်တိုက်ခိုက်ပြီးနောက် အပြီးသတ်သိမ်းပိုက်လိုက်ပြီဖြစ်ကြောင်း ရက္ခိုင့်တပ်တော် AA က မတ်လ ၁၂ ရက်တွင် သတင်းထုတ်ပြန်သည်။
ရမ်းဗြဲကျွန်းပေါ်တွင်တည်ရှိသော မြို့တစ်မြို့ဖြစ်သည့် ရမ်းဗြဲမြို့ကို ၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာ ၁၈ ရက်မှ စတင်ကာ ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ရက်ပေါင်း ၈၅ ရက်အကြာတွင် ရက္ခိုင့်တပ်တော်က သိမ်းပိုက်လိုက်ခြင်းဖြစ်သည်။
“ရမ်းဗြဲကို သိမ်းလို့ရသွားပါပြီ။ ရက္ခိုင့်တပ်တော် သိမ်းပိုက်လို့ရတဲ့ ရခိုင်ပြည်တောင်ပိုင်းက ပထမဆုံးမြို့ပါ။ မြောက်ဦး၊ မင်းပြား၊ ကျောက်တော်တို့ထက် အကြာကြီး တိုက်ခိုက်ခံခဲ့ရတဲ့မြို့ပါ။ ပျက်စီးဆုံးရှုံးမှုလည်း များပါတယ်”ဟု ရမ်းဗြဲဒေသခံတစ်ဦးက ပြောသည်။
ရက္ခိုင့်တပ်တော်က ၃ လနီးပါး ထိုးစစ်ဆင်တိုက်ခိုက်ခဲ့သော ရမ်းဗြဲမြို့ကို စစ်ကောင်စီက လက်မလွှတ်ရရေး ကြည်း၊ ရေ၊ လေ ပူးပေါင်းတိုက်ခိုက်မှုများလုပ်ဆောင်ခဲ့သလို လေကြောင်းမှလည်း နေ့စဉ်နေ့တိုင်း ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း သိရသည်။
“ရမ်းဗြဲကို သိမ်းလို့ရပြီဆိုတာတော့ ကြားနေရတာ ကြာပါပြီ။ ရက္ခိုင့်တပ်တော်က အတည်ပြုတာ မနေ့ကမှ(မတ်လ ၁၁ရက်)ပါ။ AA က မသိမ်းနိုင်ခင်မှာ စစ်ကောင်စီဘက်က တောက်လျှောက်ကို လေကြောင်းနဲ့ပစ်တာ။ နေဗီကနေလည်း လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ပါ ပစ်တယ်။ မနေ့ကဆို တစ်ရက်လုံးနီးပါးကို လေကြောင်းကနေ အပစ်ခံရတယ်။ မနက် ၆ နာရီကနေ ၈ နာရီအထိတစ်ခါ ပစ်တယ်။ အဲ့ဒီမနက်ပိုင်းမှာတင် အကြိမ်ရေ ၁၀၀ အထက် အပစ်ခံရတယ်။ နောက်ပြီး ၁၀ နာရီလောက်မှာ တစ်ခါ Mi-35 နဲ့ ၄ ကြိမ်လာပစ်တယ်။ နေ့လည် ၁၂ နာရီကျော်လောက်မှာ ၅ ကြိမ်ထပ်လာပစ်တယ်။ လေကြောင်းနဲ့ တောက်လျှောက်အပစ်ခံရတော့ မြို့ကတစ်မြို့လုံးကို ပျက်စီးသွားပြီလို့ ပြောလို့ရတယ်။ မြောက်ပိုင်းမှာ ပေါက်တောက အထိအနာဆုံးဖြစ်ပြီးတော့ တောင်ပိုင်းမှာက ရမ်းဗြဲမြို့က အထိအနာဆုံးပါပဲ။ ဒုတိယအပျက်အစီးအများဆုံးမြို့ပါ”ဟု ရမ်းဗြဲမြို့ခံတစ်ဦးက ရှင်းပြသည်။
ရက္ခိုင့်တပ်တော်အနေဖြင့် ရမ်းဗြဲမြို့ကို သိမ်းပိုက်ရရှိထားသော်လည်း ၃ လနီးပါးကြာတိုက်ပွဲကာလအတွင်း စစ်ကောင်စီဘက်က ထောင်ထားသော စွန့်လွှတ်မိုင်း၊ နင်းမိုင်း၊ တိုက်မိုင်းအန္တရာယ်များ ရှိနေခြင်းကြောင့် ရမ်းဗြဲဒေသခံများအနေဖြင့် မိမိတို့၏ နေ့အိမ်များသို့ ချက်ချင်းဝင်ရောက်မှုကို စောလျင်စွာမပြုလုပ်ရန်အတွက်လည်း ရက္ခိုင့်တပ်တော် AA မေတ္တာရပ်ခံထားသည်။
ရမ်းဗြဲမြို့ ဘေးလွတ်ရာတိမ်းရှောင်နေသော ဒေသခံတစ်ဦးကလည်း “မြို့ကတော့ ပြန်ဝင်လို့မရသေးပါဘူး။ သူတို့(AA)ကလည်း ချက်ချင်းပြန်ဝင်မယ်ဆိုရင် ခွင့်ပြုမှာ မဟုတ်သေးဘူး။ လေကြောင်းနဲ့လည်း လာပစ်နိုင်သေးသလို၊ ရေပတ်လည်ဝိုင်းနေတဲ့ ကျွန်းဖြစ်တော့ စစ်ကောင်စီရဲ့ ရေတပ်သင်္ဘောတွေကနေလည်း ပစ်နိုင်သေးတာဆိုတော့ ဝင်ဖို့က မဖြစ်နိုင်သေးပါဘူး။ တခြား AA က ထိန်းထားတဲ့ မြို့ကသူတွေလည်း မဝင်နိုင်သေးဘူးလို့ သိရတယ်။ မနေ့ကမှ သိမ်းထားနိုင်တဲ့ ရမ်းဗြဲဆိုရင် ဝင်ရဖို့ကကြာဦးမှာပါ”ဟု ဆိုသည်။
ပြီးခဲ့သည့် ဇန်နဝါရီနောက်ဆုံးပတ်ကလည်း ရမ်းဗြဲမြို့ကို လေကြောင်း၊ ရေကြောင်းမှ တစ်ပတ်လုံးနီးပါး ပြင်းပြင်းထန်ထန်တိုက်ခိုက်ခဲ့သဖြင့် မြို့လုံးကျွတ်နီးပါးပျက်စီးခဲ့ပြီး ဖေဖော်ဝါရီလအတွင်း ဗုံးကြဲတိုက်တိုက်ခိုက်မှုများကြောင့်လည်း မြို့မဆေးရုံနှင့် မြို့မဈေးအပါအဝင် ပြည်သူပိုင်နေအိမ်အချို့ ပျက်စီးဆုံးရှုံးသွားခဲ့ရသည်။
ရက္ခိုင့်တပ်တော်အနေဖြင့် ၁၀၂၇ စစ်ဆင်ရေးကာလအတွင်း ရခိုင်ပြည်နယ်မြောက်ပိုင်းရှိ မြောက်ဦး၊ ကျောက်တော်၊ ပေါက်တော၊ မင်းပြား၊ မြေပုံနှင့် ပုဏ္ဏားကျွန်းမြို့တို့ကို သိမ်းပိုက်ထားသလို ပက်လက်ဝဒေကိုလည်း သိမ်းပိုက်ထားပြီးနောက် ရခိုင်ပြည်နယ်တောင်ပိုင်းရှိ ရမ်းဗြဲမြို့ကိုလည်း ထပ်မံသိမ်းပိုက်လိုက်ခြင်းဖြစ်သည်။