ပဲခူးတိုင်း၊ ဖြူးမြို့နယ်၊ ဘုရားလဟာကျေးရွာတွင် မတ်လ ၇ ရက်၊ ညနေပိုင်းက စစ်ကောင်စီတပ်မှ ပစ်ခတ်လိုက်သည့် လက်နက်ကြီး ၃ လုံးသည် ကျေးရွာအတွင်းသို့ ကျရောက်ပေါက်ကွဲခဲ့သဖြင့် အသက် ၈ နှစ်အရွယ်ကလေးငယ်တစ်ဦးအပါအဝင် လူ ၄ ဦးသေဆုံးခဲ့ပြီး ပြည်သူပိုင်နေအိမ် ၆ လုံးပါ မီးလောင်ဆုံးရှုံးခဲ့ကြောင်း ဒေသခံများထံက စုံစမ်းသိရှိရသည်။
“လက်နက်ကြီးတွေ ရွာထဲကျနေလို့ ရွာသားတွေပြေးကြတာ၊ ဦးမောင်မြင့်တို့ မိသားစုတွေလည်းပုန်းကျင်းထဲ ပြေးတာ၊ အဲဒီမှာ ပုန်းကျင်းထဲ မရောက်ခင် လက်နက်ကြီးက သူတို့လူအုပ်ထဲကျသွားတာ။ သေတာက ၄ ယောက်၊ ဒဏ်ရာအပြင်းအထန်ရတာက ၄ ယောက်”ဟု အဆိုပါကျေးရွာတွင်နေထိုင်သည့် အသက် ၄၀ အရွယ်အမျိုးသမီးတစ်ဦးကပြောသည်။
လက်နက်ကြီးထိမှန်မှုကြောင့် အသက် ၄၅ နှစ်အရွယ် မခင်နွယ်ဦး၊ အသက် ၄၀ အရွယ် မသင်းသင်းထွေး၊ အသက် ၁၅ နှစ်အရွယ် မောင်ထက်မြက်အောင်နှင့် အသက် ၈ နှစ်အရွယ်မောင်ဖြိုးပြည့်စုံတို့ သေဆုံးသွားခဲ့ပြီး ကျန် ၄ ဦးမှာလည်း ဒဏ်ရာများအပြင်းအထန်ရရှိခဲ့ကြောင်း အသက် ၃၀ ကျော်အရွယ် ရွာခံအမျိုးသားတစ်ဦးက ရှင်းပြသည်။
“ဒေါ်ယဉ်သန်းနဲ့ ဦးမောင်မြင့်က ခြေထောက်ဖြတ်လိုက်ရတယ်။ လူကြီးတွေက အသက် ၇၀ ကျော်နေပြီ။ နောက် ၁၀ နှစ် ကလေးလေး ဘုန်းမြတ်သဲလည်း ခြေထောက်ဖြတ်ရတယ်။ သင်ဇာသဲလည်း ခြေထောက်ထိ ထားတယ်၊ အခြေနေစောင့်ကြည့်နေရတယ် ”ဟု ၎င်းကဆက်လက်ပြောသည်။
စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ ကျေးရွာအတွင်းသို့ လက်နက်ကြီးဖြင့် အကြောင်းမဲ့ပစ်ခတ်နေခြင်းကြောင့် ကျေးရွာအများအပြားရှိ ပြည်သူများမှာတိမ်းရှောင်နေရပြီး နေအိမ်များလည်း မီးလောင်ဆုံးရှုံးမှုများရှိနေကြောင်း စစ်ဘေးရှောင်ကူညီရေးလုပ်ကိုင်သူ တစ်ဦးက ဒေသတွင်းအခြေအနေများကို ရှင်းပြသည်။
“အဲဒီရွာသားတွေလည်း အကုန်ထွက်ပြေးနေရတယ်၊ ဘယ်နေ့ထပ်ပစ်ဦးမယ်မသိတော့ ရွာထဲမနေရဲဘူး။ တခြားရွာတွေလည်း ပြေးနေရတယ်၊ အဲ့ဒီနေ့က အိမ် ၆ လုံးမီးလောင်းသွားတယ်၊ အိမ်တွေကကပ်နေတော့ မီးထဲပါကုန်တာ၊ နွား ၂ ကောင်လည်းသေသွားတယ်”ဟု ၎င်းကဆိုသည်။
ပြီးခဲ့သည့် မတ်လ ၆ ရက်ကလည်း ဖြူးမြို့နယ်၊ ဘုရားလဟာအုပ်စု၊ အင်ကွင်းခြောက်အိမ်စုရွာရှိ နေအိမ်တစ်လုံးပေါ်သို့ စစ်ကောင်စီကပစ်ခတ်လိုက်သည့် လက်နက်ကြီးကျရောက်ပေါက်ကွဲခဲ့သဖြင့် မဇင်မာနှင့်မောင်မင်းခန့်လွင်တို့ မောင်နှစ်နှစ်ဦး သေဆုံးသွားပြီး မိဘနှစ်ဦးလည်း ဒဏ်ရာအပြင်းအထန် ရရှိသွားကြောင်း သိရသည်။