စစ်ကိုင်းတိုင်းဒေသကြီး၊ ယင်းမာပင်ခရိုင်၊ ချင်းတွင်းမြစ်အနောက်ဘက်ကမ်းရှိ ကနီမြို့ကို စစ်ကောင်စီတပ်က ယမန်နေ့ (မတ် ၅ ရက်)၊ မွန်းလွဲ ၃ နာရီခန့်တွင် ဓာတုဗုံးများအသုံးပြု၍ တိုက်ခိုက်ခဲ့ကြောင်း မြို့သိမ်းတိုက်ပွဲတွင် ပါဝင်နေသည့် ဒေသခံကာကွယ်ရေးတပ်ဖွဲ့မှ ရဲဘော်တစ်ဦးက MPAသို့ ပြောသည်။
ပြီးခဲ့သည့် မတ်လ ၂ ရက်၊ မနက် ၄ နာရီမှစတင်ကာ ဒေသခံကာကွယ်ရေးတပ်ဖွဲ့များက ကနီမြို့နယ်ရှိ ရဲစခန်း၊ အထွေထွေအုပ်ချုပ်ရေးရုံး၊ အထက်တန်းကျောင်း၊ ရွှေစည်းခုံတောင်ပေါ်၌တပ်စွဲထားသော စစ်ကောင်စီတပ်ဖွဲ့များနှင့် ပျူစောထီးများ အားကောင်းသည့် ရေလည်ကျွန်းကျေးရွာများကို တပြိုင်နက်တည်း ဝင်ရောက်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။
စစ်ကောင်စီတပ်မှလည်း ၄င်းတို့တပ်စွဲထားရာနေရာများ လက်လွှတ်လိုက်ရပြီးနောက် လေကြောင်းအသုံးပြု၍ တိုက်ခိုက်မှုများလည်းရှိနေပြီး ဓာတုဗုံးအသုံးပြုမှုများလည်း ရှိနေသည်ဟု ဒေသခံကာကွယ်ရေးတပ်မှ ရဲဘော်များက ပြောသည်။
“ လေယာဥ်နဲ့ကြဲသွားတာ၊ မြို့ပေါ်ရပ်ကွက်တွေပေါ်ကိုကြဲတာ၊ ဓာတုဗုံးနဲ့လည်း ကြဲသွားတယ်။ မနေ့က ညနေ ၃နာရီလောက်ကကြဲသွားတာ ဓာတုဗုံးက လေယာဥ်တွေကတော့ တောက်လျောက်လာကြဲနေတယ်” ဟု ကနီမြို့သိမ်းတိုက်ပွဲတွင် ပါဝင်နေသည့် ဒေသခံကာကွယ်ရေးတပ်ဖွဲ့မှ ရဲဘော်တစ်ဦးက ပြောသည်။
ကနီမြို့ရရှိရေးအတွက် PDFပူးပေါင်းတပ်ဖွဲ့များက ထိုးစစ်ဆင်တိုက်ခိုက်နေပြီး စစ်ကောင်စီဘက်မှလည်း လေကြောင်းတိုက်ခိုက်မှုများ၊ လက်နက်ကြီးပစ်ကူများဖြင့် အပြင်းအထန် ခုခံနေသည်ဟု ၎င်းက ဆိုသည်။
ထို့ကြောင့် ကနီမြို့နယ်အပါအဝင် မင်းကုန်း၊ ညောင်ပင်ဝန်း၊ ရှမ်းမြောင်း၊ တဇယ်ချောင်၊ ပန်းဆိုင်း၊ ငါးဖျက်၊ မုဌော၊ သမင်ခြံ၊ ညောင်သူများ၊ ကနဲနှင့် ကျွန်းဖျားကျေးရွာရှိ ဒေသခံပြည်သူ တစ်သောင်းကျော်ခန့်မှာ စစ်ဘေးရှောင်နေကြကြောင်း ဒေသခံများက ပြောသည်။
“ မြို့ပေါ်ရပ်ကွက်တွေပေါ် ချသွားတာ၊ မြို့ထဲမှာက PDF တွေ ရှိနိုင်တယ်ဆိုပြီးချတာ ဖြစ်မှာ၊ ပိတ်မိနေတဲ့သူတွေလည်း ရှိနေသေးတယ်” ဟု ကနီမြို့နယ်မှ စစ်ဘေးရှောင်နေသူ အမျိုးသားတစ်ဦးက MPA သို့ ပြောသည်။
ကနီမြို့ကို PDFပူးပေါင်းတပ်ဖွဲ့များက ထိန်းချုပ်ထားနိုင်ပြီဟု သတင်းဖော်ပြမှုများအပေါ် မြို့သိမ်းတိုက်ပွဲတွင်ပါဝင်နေသည့် PDFရဲဘော်တစ်ဦးက ယခုကဲ့သို့ ဆိုသည်။
“ မြို့က မရသေးပါဘူး။ စစ်တပ်ဘက်ကလည်း အပြင်းအထန်ခုခံနေပါတယ်။ ကျတော်တို့ဘက်ကလည်း ရအောင်ကြိုးစားနေပါတယ်။ စစ်ရေးသတင်းတွေကို ထိန်းချုပ်တဲ့အနေနဲ့ ဒီလောက်ပဲပြောလို့ရပါမယ်” ဟု ပြောသည်။
မတ်လ ၅ရက်နေ့ (ယမန်နေ့)တွင် မင်းကုန်းရွာနှင့်တဇယ်ချောင်ရွာဘက်ကို စစ်ကောင်စီဘက်က လေယာဥ်နှစ်စီးဖြင့် ဗုံးလေးလုံးကြဲတိုက်ခိုက်ခဲ့ပြီး စက်သေနတ်ဖြင့်ပါ ပစ်ခတ်ခဲ့သည့်အတွက်မင်းကုန်းရွာမှ အမျိုးသားတစ်ဦး သေဆုံးခဲ့ကာ နေအိမ်များလည်း ထိခိုက်ပျက်စီးခဲ့ကြောင်း ကနီမြို့ဒေသခံတစ်ဦးက ပြောသည်။
“ တစ်ရက်ကို လေယာဥ်အခါနှစ်ဆယ်လောက် လာပြီး ဗုံးကြဲတယ်။ ကျမတို့လည်း ကြောက်တော့ သယ်နိုင်တဲ့ ပစ္စည်းယူပြီးပြေးတာ၊ မြို့ထဲမှာ ဘာတွေ ဘယ်လိုဖြစ်ကုန်လဲဆိုတာတောင် မတွေးရဲဘူး” ဟု ကနီမြို့နယ်တွင် နေထိုင်သူ စစ်ရှောင်အမျိုးသမီးတစ်ဦးက ဆိုသည်။
မြို့သိမ်းတိုက်ပွဲဖြစ်ပေါ်နေသည့် ကနီမြို့နယ်သည် ချင်းတွင်းမြစ်ကမ်းဘေးတွင် တည်ရှိပြီး၊ ဒေသခံကာကွယ်ရေးတပ်ဖွဲ့များအားကောင်းသည့် ပုလဲ၊ ဂန့်ဂေါ၊ ဘုတလင်၊ ယင်းမာပင်၊ ရေဦးနှင့် မင်းကင်းမြို့နယ်တို့နှင့် နယ်နမိတ်ချင်းထိစပ်လျက်ရှိသည်။