ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့နယ်တွင် တစ်ခုတည်းကျန်ရှိသော စစ်ကောင်စီ၏ ခမရ ၅၅၀ ခြေမြန်တပ်ရင်းကို မတ်လ ၄ ရက်က သိမ်းယူလိုက်ပြီး ပုဏ္ဏားကျွန်းမြို့ကို ထိန်းချုပ်လိုက်ပြီဖြစ်ကြောင်း ရက္ခိုင့်တပ်တော် သတင်းပြန်ကြားရေးက သတင်းထုတ်ပြန်ခဲ့သည်။
“ပုဏ္ဏားကျွန်းမှာက စစ်ကောင်စီတပ်ရင်းက ၅၅၀ တစ်ခုပဲရှိတာ။ ဒီတပ်ရင်းကို ရက္ခိုင့်တပ်တော်က သိမ်းလိုက်ပြီဆိုပေမယ့် ဒေသခံတွေကတော့ မြို့ထဲကိုဝင်လို့မရသေးဘူး။ မြို့ထဲကို ဝင်နိုင်ဖို့က ကြာနေဦးမယ်ထင်တယ်။ မြို့ထဲမှာက စစ်ကောင်စီဘက်က ပစ်လိုက်လို့ မပေါက်ကွဲသေးတဲ့ ဗုံးတွေနဲ့ လက်နက်ကြီးအစတွေကကျန်နေသေးတယ်။ AA ကလည်း မနေ့ကမှ သိမ်းလိုက်တာဆိုတော့ ဒါတွေကို ရှင်းလင်းရေးလုပ်ပြီးမှလည်း ဒေသခံတွေကို ပြန်ဝင်ခွင့်ပြုမယ်ထင်တယ်”ဟု ပုဏ္ဏားကျွန်းဒေသခံတစ်ဦးက ပြောသည်။
ရက္ခိုင့်တပ်တော် သတင်းပြန်ကြားရေး၏ ထုတ်ပြန်ချက်တွင် စစ်ကောင်စီက ကြည်း၊ ရေ၊ လေတပ်များပူးပေါင်းပြီး အပြင်းအထန်ခုခံနေသည့်ကြားမှ အာရက္ခစစ်သည်တော်တို့ ၅၅၀ တပ်ရင်းအား သိမ်းပိုက်နိုင်ခဲ့ပြီဖြစ်ကာ ပုဏ္ဏားကျွန်းမြို့ကို ရက္ခိုင့်တပ်တော်က အပြီးသတ်သိမ်းပိုက်ထိန်းချုပ်လိုက်ပြီကြောင်း ဖော်ပြထားသည်။
“ပုဏ္ဏားကျွန်းဒေသခံတွေမှ မဟုတ်ပါဘူး။ ရခိုင်တစ်ပြည်လုံးက ဒေသခံတွေအကုန်လုံးက သူတို့(စစ်ကောင်စီ)နှိပ်စက်တဲ့ ဒဏ်ကိုခံခဲ့ရတယ်။ လူ့အခွင့်အရေးတွေ၊ အလုပ်အကိုင်တွေ အကုန်ဆုံးရှုံးပြီး လူငယ်တွေလည်း အခွင့်အရေးတွေ အများကြီးဆုံးရှုံးတယ်။ ပုဏ္ဏားကျွန်းကို သိမ်းလိုက်တာကိုလည်း အများကြီး ကြိုဆိုထောက်ခံတယ်”ဟု ပုဏ္ဏားကျွန်းမြို့နယ်တွင်နေထိုင်သည့် လူငယ်တစ်ဦးက ပြောသည်။
ပုဏ္ဏားကျွန်းမြို့ကို ပြီးခဲ့သည့် ဖေဖော်ဝါရီ ၂၁ ရက်က စတင်၍ ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ပုဏ္ဏားကျွန်းမြို့မရဲစခန်းကို ဖေဖော်ဝါရီ ၂၃ ရက်က သိမ်းပိုက်ပြီးနောက် ယင်းမြို့ရှိ စစ်ကောင်စီ၏ လက်ကျန်တပ်ရင်း ၅၅၀ အား သိမ်းပိုက်ရရှိရေးအတွက် ရက္ခိုင့်တပ်တော်က ဆက်လက်ထိုးစစ်ဆင်ခဲ့ရာ ၁၂ ရက်အကြာတွင် ၅၅၀ တပ်ရင်းကို သိမ်းပိုက်ရရှိခဲ့ခြင်းဖြစ်သည်။
“ကျွန်တော်တို့အဖွဲ့ကနေ ခန့်မှန်းထားတာတော့ ပျက်စီးဆုံးရှုံးမှုက ၈၀ ရာခိုင်နှုန်းတော့ အကြမ်းဖျင်းသတ်မှတ်ထားတယ်။ မြို့ထဲကိုဝင်လို့ရပြီဆိုရင်တော့ စစ်တမ်းတွေကို ကောက်ယူသွားမှာပါ။ ပြန်လည်ထူထောင်မယ်ဆိုရင်တော့ အခက်အခဲတွေ အများကြီးကြုံတွေ့ရမှာ။ မိုခါတုန်းကလည်း ကြီးကြီးမားမား ခံထားရတော့ ပြန်လည်ထူထောင်ရေးလုပ်ဖို့က အကူအညီမရရင် အရမ်းကိုအခက်အခဲဖြစ်မှာ”ဟု ပုဏ္ဏားကျွန်းမြို့နယ်ရှိ ဒေသတွင်းလူမှုကူညီရေးလုပ်ဆောင်ပေးနေသူတစ်ဦးက ပြောသည်။
ပုဏ္ဏားကျွန်းမြို့အား လက်လွှတ်လိုက်ရသည့် စစ်ကောင်စီက ရသေ့တောင်-ပုဏ္ဏားကျွန်းကားလမ်းမရှိ စေတီပြင်တံတားအား မတ်လ ၄ ရက်၊ ညနေ ၄ နာရီ ၅၇ မိနစ်မှ ၅ နာရီ ၁၇ မိနစ်အချိန်အထိ ဂျက်တိုက်လေယာဉ် ၂ စီးဖြင့် (၁၂)ကြိမ် တိုင်တိုင် လာရောက်တိုက်ခိုက်ဖျက်စီးခဲ့ကြောင်း သိရသည်။