ရန်ကုန်မြို့၊ အင်းစိန်ဗဟိုအကျဉ်ထောင်တွင် ဘောလုံးကစားစဉ် ရန်ဖြစ်သည်ဟုဆိုကာ နိုင်ငံရေးအကျဉ်းသားများကို ထောင်အာဏာပိုင်တို့က ဝင်ရောက်ရိုက်နှက်ခဲ့ပြီး ၄ဦးအား ဆေးဝါးကုသခွင့်မပေးဘဲ တိုက်ပိတ်ထားကြောင်း သိရသည်။
ဖေဖော်ဝါရီ ၂၈ရက်၊ နံနက် ၈နာရီခန့်က အင်းစိန်ထောင်တွင်း၌ ဘောလုံးကစားစဉ် စကားများကြရာ အကျဉ်းထောင်ဝန်ထမ်းများနှင့် တန်းစီးတို့က ဘောလုံးကစားရာနေရာသို့ ဝင်ရောက်ရိုက်နှက်ခဲ့ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက်(PPNM) က သတင်းထုတ်ပြန်သည်။
ထို့နောက် ထောင်အာဏာပိုင် ရုံးခန်းရှေ့တွင် ထောင်ဝန်ထမ်းနှင့် တန်းစီး စုစုပေါင်း ၁၀ယောက်ကျော်က ထပ်မံရိုက်နှက်ခဲ့ရာ နဖူးကွဲ၊ ခေါင်းကွဲ၊ ကျောကွဲနှင့် မျက်နှာဖူးယောင်ဒဏ်ရာများရရှိခဲ့ကြောင်း သိရသည်။
“ စကားများရန်ဖြစ်တယ်ဆိုတဲ့အကြောင်းပြချက်နဲ့ ထောင်အာဏာပိုင်တွေနဲ့ တန်းစီးတွေက ဘောလုံးကွင်းထဲကို ဝင်ရောက်ရိုက်နှက်တာပေါ့။ တခြားလူတွေကိုတော့ မထိဘဲနဲ့ နိုင်ကျဉ်းတွေချည်းပဲကို ရည်ရွယ်ချက်ရှိရှိနဲ့ ရိုက်နှက်တယ်။ဒဏ်ရာဒဏ်ချက်တွေများစွာနဲ့ကို ခေါ်သွားတဲ့ တစ်လျှောက်မှာလည်း ရိုက်တယ်ပေါ့နော်။ တစ်ခါတစ်ခါ ခိုက်ရန်ဖြစ်ပွားမှုလေးတွေတော့ ဘောလုံးပွဲတွေမှာရှိတယ်။ အဲ့လိုမျိုးအပေါ်မှာ ကောင်းမွန်စွာမဖြေရှင်းဘဲ ဝင်ရောက်ရိုက်နှက်တာမျိုးတော့ မလုပ်သင့်ဘူးလို့ ကျနော်တို့ကတော့ပြောချင်တယ်” ဟု မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) ဦးဆောင်ကော်မတီဝင် ကိုသိုက်ထွန်းဦးကပြောသည်။
ညနေ ၃နာရီခန့်တွင် ရိုက်နှက်ခံထားရသူများထဲမှ ကိုထက်၊ ကိုထွေးလေး၊ ကိုမြတ်နိုးမောင် (ခေါ်) ကိုအာနိုးနှင့် ကိုသော်ဇင်ဦးတို့ကို ဒေါက်ခတ်ပြီး ထောင်ဘောလုံးကွင်း၊ ရုံးခန်းနှင့် မိန်ဂျေးလမ်းတစ်လျှောက် ရိုက်နှက်ကာ တိုက်ပိတ်လိုက်ကြောင်း သိရသည်။
“ အဲ့ ၄ဦးကိုပဲ အဓိကခေါ်ထုတ်ရိုက်နှက်ခံရတာပေါ့။ ပြင်းထန်စွာနဲ့ ရိုက်နှက်ခံထားရတယ်။ အဲ့ ၄ဦးကိုပဲ ထောင်တွင်းမှာ ရန်ဖြစ်တယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ ဒေါက်ခတ်ပြီးမှ တိုက်ပိတ်တာ” ဟု ၎င်းကပြောသည်။
ရိုက်နှက်ခံထားရသည့် နိုင်ငံရေးအကျဉ်းသားများသည် ဒဏ်ရာပြင်ထန်စွာရရှိထားသော်လည်း ဆေးကုသခွင့်မရသည့်အပြင် ထောင်ဝင်စာပေးပို့ခွင့်လည်း ပိတ်ထားကြောင်း ၎င်းကပြောသည်။
နွေဦးတော်လှန်ရေးကာလအတွင်း ထောင်များထဲ၌ နိုင်ငံရေးအကျဉ်းသားများကို ရည်ရွယ်ချက်ရှိရှိ ဖိနှိပ်နေသော ထောင်အာဏာပိုင်တို့နှင့် အကျဉ်းသားတို့ စာရင်းအား ပြုစုထားရန် လိုကြောင်း ရန်ကုန်အခြေစိုက် နိုင်ငံရေးအကျဉ်းသားဟောင်းတစ်ဦးကပြောသည်။
“ထောင်ဝန်ထမ်းနဲ့ ထောင်အုပ်ချုပ်ရေးပိုင်းမှာ နေရာရနေတဲ့ တန်းစီးတို့ စကထ(စည်းကမ်းထိန်း သိမ်း ရေး)တို့လို အကျဉ်းသားတွေထဲမှာ နိုင်ကျဉ်းဆိုရင်ကို အငြိုးတကြီးနဲ့ ဖိနှိပ်ချင်တဲ့ကောင်တွေ ခေတ်အဆက်ဆက်မှာရှိခဲ့တယ်။နွေဦးတော်လှန်ရေးပြီးရင် အဲလိုကောင်တွေကို ထိထိရောက်ရောက် အရေးယူဖို့လိုတယ်။ဘယ်ထောင်က ဘယ်ကောင်ကတော့ ဘယ်လိုဖိနှိပ်နေတယ်ဆိုတာကို အခုက တည်းက ဖော်ထုတ်ရေးသားထားပြီး တစ်ချိန်မှာ အရေးယူမယ်ဆိုတာ ထောင်အာဏာပိုင်တွေ သိအောင် ပြောထားဖို့ လိုမယ်”ဟု ၎င်းကပြောသည်။
၂၀၂၃ခုနှစ်၊ နိုဝင်ဘာကလည်း အင်းစိန်ထောင်အတွင်း နိုင်ငံရေးအကျဉ်းသား ၃၀ကျော်ကို ရိုက်နှက်တိုက်ပိတ်သည့် ဖြစ်စဉ်ဖြစ်ပွားခဲ့သေးကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက်(PPNM)ကထုတ်ပြန်ထားသည်။