ရခိုင်ပြည်နယ်၊ စစ်တွေမြို့မဈေးကြီး၊ ကိုရီးယားဆိပ်ကမ်းပျံကျဈေးတန်းတွင် ယနေ့နံနက်ပိုင်းက စစ်ကောင်စီရေတပ်စစ်သင်္ဘောတစ်စီးပေါ်မှ ပစ်ခတ်လိုက်သည့် လက်နက်ကြီးကျရောက်ပေါက်ကွဲမှုကြောင့် ဒေသခံ ၁၂ ဦးသေဆုံးသွားခဲ့ကြောင်း စစ်တွေမြို့ခံများထံကစုံစမ်းသိရှိရသည်။
“မနက် ၈ နာရီကျော်လောက်က လက်နက်ကြီးနဲ့ ပစ်တာ။ သေတာက ၁၂ ယောက်။ ပြင်းပြင်းထန်ထန်နဲ့ ဒဏ်ရာရတဲ့သူကတော့ အယောက် ၃၀ ကျော်တယ်။ သူတို့တွေကိုတော့ စစ်တွေဆေးရုံကြီးမှာ ထားထားတယ်။ ပထမတော့ စစ်တွေရဲစခန်းက ပစ်လိုက်တယ်ထင်တယ်။ ပြီးတော့ ဗျူးပွိုင့် ရေတန်စခန်းနားမှာ ကျောက်ချထားတဲ သင်္ဘောပေါ်က ပစ်လိုက်မှန်းသိတာ”ဟု စစ်တွေ ဒေသခံတစ်ဦးက ပြောသည်။
စစ်ကောင်စီ၏ ပြည်နယ်ကောင်စီရုံးစိုက်ရာ စစ်တွေမြို့နှင့် ယင်းမြို့ပတ်ဝန်းကျင်းအနီးတစ်ဝိုက်၌ တိုက်ပွဲတစ်စုံတစ်ရာ ဖြစ်ပွားခြင်းမရှိဘဲ အများပြည်သူလူထု ဈေးရောင်း၊ ဈေးဝယ် လူစည်ကားနေချိန်တွင် လူအစုလိုက်အပြုံလိုက် သေဆုံးစေရန် ရည်ရွယ်ချက်ရှိရှိ ပစ်ခတ်ခဲ့ခြင်းဖြစ်ပြီး ယင်းလုပ်ရပ်ကိုကြည့်ခြင်းအားဖြင့် စစ်ကောင်စီက စစ်ရာဇဝတ်မှုကို ပြောင်ပြောင်တင်းတင်း ကျူးလွန်လိုက်ခြင်းဖြစ်ကြောင်း ရက္ခိုင့်တပ်တော်ကပြောဆိုထားသည်။
“အရင်ကလည်း ပစ်တာကတော့ ပစ်နေတာပဲ။ လက်နက်ကြီးကျတာတွေ ဘာတွေတော့ မရှိဘူး။ ရဲစခန်းကနေ ပစ်တာတွေတော့ ရှိခဲ့တယ်။ အခုလို လက်နက်ကြီးပါ ကျတယ်ဆိုတာကတော့ ရည်ရွယ်ချက်ရှိရှိနဲ့ ပစ်လိုက်တာပဲ။ အခုက ကိုရီးယားဆိပ်ကမ်းနားက မြို့မဈေးထဲကို ကျသွားတာ။ အပျက်အစီးလည်းများသလို လူတွေလည်း သေတာတွေရော အပြင်းအထန်ထိခိုက်တာရော ရှိတယ်”ဟု စစ်တွေမြို့ခံ တစ်ဦးကဆိုသည်။
စစ်ကောင်စီ ရေတပ်သင်္ဘောပေါ်မှ ရည်ရွယ်ချက်ရှိရှိဖြင့် ပစ်ခတ်လိုက်သော လက်နက်ကြီးကြောင့် အပြစ်မဲ့အရပ်သား ပြည်သူ ၁၂ ဦး သေဆုံးခဲ့ပြီး၊ အပြင်းစားဒဏ်ရာရသူ (၃၁)ဦးနှင့် အသေးစား ထိခိုက်ဒဏ်ရာရသူ အယောက် ၅၀ နီးပါးအထိရှိကာ စုစုပေါင်း ပြည်သူ (၈၀)ဦးခန့် ဒဏ်ရာရခဲ့ကြောင်း ရက္ခိုင့်တပ်တော် သတင်းနှင့် ပြန်ကြားရေးက သတင်းထုတ်ပြန်ထားသည်။
“မလိုအပ်ဘဲနဲ့ မဖြစ်သင့်တဲ့အရာကို လုပ်တယ်။ အခုဆို လက်နက်ကြီးကျလို့ ပြည်သူတွေ သေဆုံးတာကလည်း တစ်ယောက်လည်းမဟုတ်၊ နှစ်ယောက်လည်းမဟုတ်၊ အစုလိုက် အပြုံလိုက်သေကြတာ။ အစုလိုက် အပြုံလိုက် သတ်ဖြတ်မှုတစ်ခုကို စစ်ကောင်စီက ထပ်ကျူးလွန်တာဖြစ်တယ်။ ဒါဟာ စစ်ရာဇဝတ်ကျူးလွန်တာပဲ”ဟု ရခိုင်လူ့အခွင့်အရေးကာကွယ်မြှင့်တင်သူများအသင်း၏ ဒါရိုက်တာဦးမြထွန်းက MPA ကို ပြောသည်။
ပြည်သူလူထုအား အဓိကပစ်မှတ်ထားသော စစ်ကောင်စီအနေဖြင့် ယခုကဲ့သို့ လုပ်ရပ်များကို တာဝန်ခံမှု၊ တာဝန်ယူမှုရှိရမည်ဖြစ်ပြီး ရက္ခိုင့်တပ်တော်အနေဖြင့်လည်း ရခိုင်ပြည်သူများအပေါ် စစ်ရာဇဝတ်မှုကျူးလွန်နေမှုများတွင် ပါဝင်ပတ်သက်နေသောသူများအား စစ်ဆေးဖော်ထုတ်သွားမည်ဖြစ်ကြောင်း ရက္ခိုင့်တပ်တော်က ထုတ်ပြန်ချက်တွင်ထည့်သွင်းဖော်ပြထားသည်။
ထို့အတူ လူအစုလိုက်အပြုံလိုက်သတ်ဖြတ်ကာ ဆိုးရွားပြင်းထန်သော စစ်ရာဇဝတ်မှုများ ကျူးလွန်နေခြင်းအပေါ် နိုင်ငံတကာအသိုင်းအဝိုင်းနှင့် အိမ်နီးချင်းနိုင်ငံများအနေဖြင့် ဝိုင်းဝန်းဆန့်ကျင်တားဆီးပေးကြရန်လည်း ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်မှ တိုက်တွန်းထားသည်။