ရခိုင်ပြည်နယ်၊ မင်းပြားမြို့နယ်ရှိ စစ်ကောင်စီ၏ အမှတ် ၉ တိုင်းဗဟိုလေ့ကျင့်ရေးသင်တန်းကျောင်းကို ရက္ခိုင့်တပ်တော် AA က၁၀ ရက်အတွင်း တိုက်ခိုက်သိမ်းပိုက်လိုက်ပြီဖြစ်ကြောင်း ရက္ခိုင့်တပ်တော် သတင်းနှင့်ပြန်ကြားရေးမှ ဖေဖော်ဝါရီ ၂၈ ရက်တွင် သတင်းထုတ်ပြန်ထားသည်။
ရက္ခိုင့်တပ်တော် သတင်းနှင့်ပြန်ကြားရေး၏ ထုတ်ပြန်ချက်တွင် တိုင်းဗဟို ၉ ဟုခေါ်သော သင်တန်းကျောင်းကို ပြီးခဲ့သည့် ဖေဖော်ဝါရီ ၁၇ ရက်နေ့ စတင်တိုက်ခိုက်ခဲ့ပြီး ၁၀ ရက်ခန့် အပြင်းအထန်ထိုးစစ်ဆင်တိုက်ခဲ့သလို စစ်ကောင်စီလေကြောင်းက မရပ်မနားခုခံတိုက်ခိုက်မှုနှင့် လက်နက်ကြီးပစ်ကူများဖြင့် ခုခံကာကွယ်ခဲ့သော်လည်း သိမ်းပိုက်ရရှိခဲ့ကြောင်း ဖော်ပြထားသည်။
“တိုင်းဗဟိုကို သိမ်းလိုက်ပြီဆိုတော့ ငြိမ်တော့နေတယ်။ အခုလက်ရှိအခြေအနေကတော့ ရက္ခိုင့်တပ်တော်ဘက်က လိုအပ်တာတွေကို စီစဉ်ဆောင်ရွက်နေတာတွေတော့ ရှိတယ်။ ဗမာစစ်သားတွေကို ဖမ်းမိလားဆိုတာတော့ သတင်းအတိအကျမသိရသေးဘူး”ဟု မင်းပြားမြို့ခံတစ်ဦးကပြောသည်။
၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီ (၂၇) ရက်၊ နံနက် (၁) နာရီ (၄၅) မိနစ်အချိန်တွင် ရက္ခိုင်ပြည်၊ မင်းပြားမြို့နယ်ရှိ မင်းဖူးဆေးရုံကို စစ်ကောင်စီက ဂျက်တိုက်လေယာဉ်တစ်စီးဖြင့် ရည်ရွယ်ချက်ရှိရှိ လာရောက်ဗုံးကြဲတိုက်ခိုက်ခဲ့သေးသဖြင့် ဆေးရုံအဆောက်အဦးတစ်ခုလုံး ပျက်စီးသွားခဲ့ကြောင်း သိရသည်။
“မြို့ထဲတော့ ဝင်လို့မရသေးဘူး။ မြို့မှာရှိတဲ့ ဆေးရုံတွေနဲ့ စာသင်ကျောင်းတွေကို ဂျက်လေယာဉ်တွေနဲ့ဗုံးကြဲတယ်။ မုန်တိုင်းတွေတိုက် ရေတွေကြီးတဲ့အခါကျရင် ဒေသခံတွေ ခိုနားဖို့အတွက်လုပ်ထားတဲ့နေရာကိုလည်း ဗုံးနဲ့ကြဲသွားတယ်။ မြို့ထဲမှာ နေလို့မရတော့ ဆရာဝန်တွေက လွတ်လပ်တဲ့နေရာတွေမှာ ဆေးတွေကုပေးနေတာ။ အဲ့ဒီနေရာမှာက အခုဆေးကုပေးတဲ့နေရာပေါ့။ မနေ့က အဲ့ဒီနေရာကို ဗုံးကြဲလိုက်တော့ အားလုံးပျက်စီးသွားတယ်။ ထိခိုက်ဒဏ်ရာရတဲ့သူတွေလည်း ရှိတယ်လို့တော့ သိရတယ်”ဟု မင်းပြားမြို့နယ်အတွင်း လူမှုကူညီရေးလုပ်ဆောင်ပေးနေသူတစ်ဦးက ပြောသည်။
စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှုကြောင့် ပျက်စီးသွားသော မင်းပြားမြို့နယ် မင်းဖူအရပ်ဖက်ဆေးရုံတွင် ဆေးကုသမှုခံယူနေသော အရပ်သားပြည်သူများ၊ ဆေးရုံဝန်ထမ်းများ ပြင်းထန်စွာ ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ရက္ခိုင့်တပ်တော်က ပြောဆိုထားသည်။
ထို့ပြင် ယင်းနေရာတွင် စစ်ကောင်စီတပ်ဖွဲ့ဝင် သုံ့ပန်းများနှင့် ၎င်းတို့၏ မိသားစုဝင်များကို ဆေးကုသပေးနေသော နေရာဖြစ်ကြောင်းလည်း သိရသည်။
“အခုလို ဆေးရုံ၊ ဆေးခန်းတွေကို ဗုံးကြဲတိုက်ခိုက်တယ်ဆိုတာဟာ စစ်ကောင်စီအနေနဲ့ စစ်ရာဇဝတ်မှုကို ပြောင်ပြောင်တင်းတင်းနဲ့ ကျူးလွန်တယ်ဆိုတာက သက်သေပဲ။ ULA/AA ကို တိုက်လို့မရလို့ ဒေသခံတွေ ဦးတည်တိုက်ခိုက်တယ်ဆိုတာဟာ မဖြစ်သင့်ပါဘူး။ စစ်ကတော့ ရှုံးသွားပေမယ့် ကျန်တဲ့ဒေသခံတွေကို ပစ်မှတ်ထားတာဟာ လူအခွင့်အရေးကိုလည်း ချိုးဖောက်တာပဲ၊ လူမဆန်တဲ့ လုပ်ရပ်တွေပါပဲ”ဟု ရခိုင်လူ့အခွင့်အရေး ကာကွယ်မြှင့်တင်သူများအသင်း၏ ဒါရိုက်တာ ဦးမြထွန်းက ပြောသည်။
ရခိုင်ပြည်နယ်၊ မင်းပြားမြို့တိုက်ပွဲတွင် စစ်ကောင်စီဘက်က ကြည်း၊ ရေ၊ လေ စစ်အင်အားများ တစ်ပြိုင်နက် အသုံးပြု၍ ခုခံကာကွယ်ခဲ့သော်လည်း စစ်မြေပြင်အနေအထားအရ မင်းပြားမြို့ကို AA ကထိန်းချုပ်ထားနိုင်ခဲ့ခြင်းဖြစ်သည်။