မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်ခရိုင်၊ မတ္တရာမြို့နယ်အရှေ့ခြမ်းတွင် စစ်ကောင်စီတပ်က ပြည်သူနှစ်ဦးကို သတ်ဖြတ်ခဲ့သည့်အပြင် နေအိမ် ၁၀ လုံးကို မီးရှို့ဖျက်ဆီးသွားကြောင်း ဒေသခံများထံမှ စုံစမ်းသိရှိရသည်။
ယမန်နေ့ (ဖေဖော်ဝါရီ ၂၇ ရက်)၊ မနက် ၃ နာရီခန့်တွင် မတ္တရာမြို့နယ်ဘက်မှ ဖောကားလေးစီး၊ ကားသေးတစ်စီးဖြင့် ထွက်လာသည့် အင်အား ၉၀ ခန့်ပါ စစ်ကောင်စီစစ်ကြောင်းက ပြည်သူနှစ်ဦးကို သတ်ဖြတ်ခဲ့ခြင်းဖြစ်သည်။
“ စစ်ကြောင်းနဲ့တိုးလို့ အသတ်ခံရတာ ဖြစ်နိုင်ပါတယ်။ အလောင်းကို ဆင်ရွာဟောင်းကျေးရွာနားမှာတွေ့တာ၊ ဦးခေါင်းတွေကို ပွင့်ထွက်နေတာ” ဟု မတ္တရာမြို့နယ်တွင် နေထိုင်သူတစ်ဦးက MPA သို့ပြောသည်။
“ မနက် ၃ နာရီမှာ ဆင်ရွာသစ်ကျေးရွာနဲ့ မြို့ထင်ကျေးရွာဘက်ကို အင်အား ၉၀ လောက်နဲ့ စစ်ကြောင်းထိုး ဝင်ရောက်လာတယ်၊ မနက် ၈နာရီမှာတော့ မြစ်ကမ်းရွာနဲ့ ဆင်ရွာသစ်က နေအိမ် ဆယ်လုံးကို မီးရှို့ဖျက်ဆီးတယ်။ စစ်ကြောင်းပြန်ဆုတ်သွားတဲ့အချိန် ညနေ ၄ နာရီလောက်မှာ အလောင်းတွေကို တွေ့တာပါ” ဟု မတ္တရာပကဖ သတင်းတာဝန်ခံက ရှင်းပြသည်။
စစ်ကောင်စီတပ်မှ သတ်ခဲ့သည့် ပြည်သူနှစ်ဦးသည် မြို့ထင်ကျေးရွာမှ အသက်(၅၈)နှစ်အရွယ် ဦးလှထွန်းနှင့် သဲဖြူချောင်းကျေးရွာမှ အသက်(၃၈)နှစ်အရွယ် ကိုဝင်းမင်းထွန်းတို့ ဖြစ်သည်။
အဆိုပါ စစ်ကြောင်းသည် မန္တလေးနန်းတွင်းမှ သင်တန်းဆင်းလာသည့် ပြည်သူ့စစ်များနှင့် မတ္တရာမြို့နယ်၊ ရေနံ့သာကျေးရွာမှ ပျူစောထီးများ ပါဝင်ကာ၊ လက်ရှိတွင် ယင်းစစ်ကြောင်းသည် မတ္တရာမြို့ပေါ်သို့ ပြန်လည်ဆုတ်ခွာသွားပြီ ဖြစ်သည်။
“ စစ်ကြောင်းအဝင်ခံရတဲ့ ရွာတွေကတော့ စစ်တပ်ပြန်ပြီကြားတာနဲ့ ကိုယ့်ရွာထဲ ပြန်ကြတာပေါ့၊ တချို့လည်း ရှောင်နေကြတုန်းပဲ” ဟု မတ္တရာမြို့နယ်အတွင်း နေထိုင်သူတစ်ဦးက ပြောသည်။
ပြီးခဲ့သည့် ဖေဖော်ဝါရီ ၁၉ ရက်တွင် မတ္တရာမြို့နယ်၊ စကားပင်ကျေးရွာရှိ ဒေသခံကာကွယ်ရေးတပ်စခန်းတစ်ခု စီးနင်းခံရပြီး PDF ရဲဘော် သုံးဦးနှင့် အရပ်သားလူငယ်ငါးဦးတို့ကို စစ်ကောင်စီတပ်က သတ်ဖြတ်ခဲ့သည်။