မကွေးတိုင်း၊ မြိုင်နယ်အတွင်းရှိ Well 2 ရေနံမြေ အတွင်းသို့ စစ်ကြောင်းထိုးလာသောကြောင့် ဒေသခံ ပြည်သူ ၃၀၀၀ ကျော် အရေးပေါ် စစ်ရှောင်နေရကြောင်း သိရသည်။
မြိုင်မြို့ အနောက်ဘက်ရှိ ကျေးရွာ ၁၀ ရွာ ကျော် မှ ပြည်သူ ၃၀၀၀ကျော်တို့သည် ဖေဖေါ်ဝါရီ ၂၂ရက် မှစတင်ကာ ယနေ့(ဖေဖေါ်ဝါရီ၂၇ရက်)အထိ စစ်ရှောင်နေရကြောင်း မြိုင်ပကဖ ထံက သိရသည်။
“ မြိုင် မြို့နဲ့ Well 2 ကြားက ရွာတွေ ရှောင်နေရတာပါ ။ စုစုပေါင်းဆို ၁၀ ရွာ ကျော်မယ်။ အားလုံး စစ်ရှောင်နေရတာ ၅ ရက်ကျော်နေပြီ ” ဟု မြိုင် ပကဖ တာ၀န်ခံ ဗိုလ်လကျာ်က ပြောသည်။
စစ်ကြောင်းထိုးလာသည့်တပ်သည် လက်ရှိတွင် Well 2 ရေနံမြေအတွင်း တပ်စွဲထားရာ ဆိတ်သပ်၊မြို့ဆိုး၊ကမ်းရိုး၊ဝါးကြီးတော၊ မန်ကျည်းကုန်း၊ဂွေးကုန်း၊ကျွဲတွင်း နှင့် သဲကြီး အပါအ၀င် ကျေးရွာ ၁၀ ရွာကျော် မှ ဒေသခံတို့သည် နီးစပ်ရာရွာများနှင့် တောတိုက်များထဲသို့ ထွက်ပြေး တိမ်းရှောင်နေရသည်။
ယင်းစစ်ကြောင်းမှာ မြိုင် မြို့မှ ကန်နီ ပျူစောထီး ရွာသို့ ၁၀ရက် ကျော်ကြာ စစ်ကြောင်း ထိုးခဲ့ပြီး နောက် မြိုင်မြို့ပေါ်မှနေ၍ Well 2 ရေနံမြေသို့ ပြန်လည် စစ်ကြောင်း ထိုးလာခြင်း ဖြစ်သည်။
” ကန်နီ ဘက်ကို ထွက် ကတည်းက စတွက်မယ်ဆို ဖေဖော်ဝါရီ ၇ ရက်နေ့ကတည်းကပါ။ ဒီဘက်က ပြည်သူတွေ ရှောင်ရတာတော့ ဖေဖော်ဝါရီ ၂၂ ရက်နေ့ကတည်းကပါ။ ဒီကနေ့ထိဆို ၅ ရက်ကြာပါပြီ” ဟု ၎င်းက ဆက်လက်ပြောသည်။
အရေးပေါ်စစ်ရှောင် ပြည်သူများမှာ ရာသီ ဥတု ပူပြင်းမှုနှင့် ရေရှားပါးခြင်းပြဿနာတို့ကို ကြုံတွေ့ နေရကြောင်း သိရသည်။
” အ ခုက တစ်ပတ် နီးနီး ရှိလာပြီလေ။ ပိုကြာရင် ပိုခက်ခဲမှာပဲ ။ အဓိက ရေ ရှားလာတာပါ။ စစ်ရှောင်ရတာတော့ ရေကန် နဲ့ နီးရာ ရှာ ရှောင်ရတာ “ ဟု စစ်ရှောင် ပြည်သူ တစ်ဦး က ပြောသည်။
Well 2 ရေနံမြေ သို့ ရောက်ရှိနေသော စစ်ကြောင်းသို့ အပြင်သို့ မထွက်ရဲ ဘဲ ရှိနေကြောင်း ဗိုလ်လကျာ်ကဆိုသည်။
Well 2 ရေနံ မြေ အတွင်း တာ၀န်ကျနေသော စစ်သားများမှာ ၁ နှစ်ကျော်ပြီ ဖြစ်၍ တာ၀န် ချိန်း ရန်အတွက် ယခုစစ်ကြောင်းရောက်ရှိလာသည်ဟုထင်ကြောင်းလည်း ၎င်းကဆိုသည်။
Well 2 ရေနံမြေသို့ မြေပြင် စစ်ကြောင်းဖြင့် ရိက္ခာ မပို့နိုင်သည်မှာလည်း ၆ လကျော် ကြာပြီ ဖြစ်၍ လေယာဉ်ဖြင့် သာ ရိက္ခာ ပို့နေရကြောင်းသိရသည်။