ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်ရှိ မြို့လှမြို့နှင့် စစ်ကောင်စီဗျူဟာကုန်းကို KIA အမှတ် ၅ တပ်ရင်းနှင့် မြို့လှ KPDF တပ်ရင်းတို့က ထိန်းချုပ်လိုက်ပြီဖြစ်ကြောင်း မြို့လှ KPDF မှ ယနေ့ (ဖေဖော်ဝါရီ ၂၃ ရက်) တွင် ထုတ်ပြန်ထားသည်။
ပြီးခဲ့သည့် ဖေဖော်ဝါရီ ၁၉ ရက်နေ့ရက်စွဲဖြင့် KIA ရှေ့တန်းစစ်ဆင်ရေးမှူးက စစ်ကောင်စီထံအကြမ်းမဖက် လက်နက်ချခြင်းဖြင့် ပြည်သူ့ဘက်သို့ အလင်းဝင်ရောက်ကြရန် သတိပေးပြီးနောက် ဖေဖော်ဝါရီ ၂၂ ရက်တွင် စစ်ကောင်စီတပ်မှ မြို့လှမြို့နှင့် ဗျူဟာကုန်းစခန်းကို စွန့်ခွါသွားခြင်း ဖြစ်သည်။
“ အဲ့ဒီ့ စစ်ကောင်စီအဖွဲ့တွေက ကျောက်ကြီးကျေးရွာက အဖွဲ့တွေနဲ့ကျောက်ကြီးမှာပေါင်းပြီး အခု သံခွန်(စစ်သင်္ဘာ) ၃စင်းနဲ့အထက်ဘက်ဖြစ်တဲ့ ရွှေကူမြို့ကို ဆန်နေပါတယ် ။ ကျောက်ကြီးရွာရဲစခန်းထဲက ရဲတွေကတော့ မနေ့ညထဲကနေ အကုန်ရွှေကူကိုရွှေ့သွားကြတာပါ” ဟု မြို့လှ KPDFမှ သတင်းနှင့် ပြန်ကြားရေးတာဝန်ခံက MPA သို့ ပြောသည်။
စခန်းစွန့်ခွာသွားသည့် စစ်ကောင်စီတပ်၏ ဗျူဟာကုန်းစခန်းမှာ KIA တပ်မဟာ ၈ နယ်မြေထဲတွင် တည်ရှိပြီး၊ ၂၀၀၂ ခုနှစ်မှစ၍ အထိုင်ချ တပ်စွဲနေထိုင်နေသည့် တပ်မ ၈၈ လက်အောက်ခံ ခမရ ၃၈၇ ဗျူဟာမှူး ဝင်းသူရအောင် ဦးစီးကွပ်ကဲသော တပ်စခန်းဖြစ်သည်။
အဆိုပါ စစ်ကောင်စီတပ်စခန်းတွင် ခမရ ၃၈၇ နှင့် ခလရ ၁၀ တို့ အထိုင်ချတပ်စွဲထားပြီး၊ အင်အား ၂၀၀ ကျော်ခန့်ရှိနိုင်ကြောင်း ကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးက သုံးသပ်သည်။
လက်ရှိအချိန်တွင် စစ်ကောင်စီတပ်ဖွဲ့များမှာ ကျောက်ကြီးနှင့် ပေါက်ကုန်းကျေးရွာတို့၌ ရှိနေသေးကြောင်း သိရသည်။
“ အုပ်ချည်ရွာက ကားသမားတွေက ပြန်ရောက်လာလို့ သိရတာပါ၊ အခုကျောက်ကြီးမှာက အကုန်မထွက်သေးပါဘူး” ဟု ကာကွယ်ရေူတပ်ဖွဲ့ဝင်တစ်ဦးက ပြောသည်။
“ မံစီမြို့နဲ့ ဗန်းမော်မှာကလည်း အင်အားကမရှိတော့ဘူး၊ မြို့လှမြို့နဲ့ မိုင် ၂၀ လောက်ဝေးတဲ့ ဆင်ဘိုမြို့မှာကလည်း တိုက်ပွဲဖြစ်နေတယ်၊ ရွှေကူဘက်ကို အင်အားပြန်စုတဲ့သဘော သက်ရောက်တာပေါ့” ဟု ရွှေကူမြို့မှ အမျိုးသားတစ်ဦးက မှတ်ချက်ပြုသည်။
မြို့လှမြို့သည် စစ်ကိုင်းတိုင်းအထက်ပိုင်းနှင့် ကချင်ပြည်နယ်အစပ်တွင် တည်ရှိပြီး၊ KPDF များ အားကောင်းသည့် မြို့နယ်တစ်ခုလည်း ဖြစ်သည်။