ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်အတွင်းရှိ ဌာနဆိုင်ရာဝန်ထမ်းများအားလုံး နေအိမ်တွင်သာ အလုပ်လုပ်ရန် စစ်ကောင်စီလက်အောက်ခံ၊ ဗန်းမော်ခရိုင်မှူးက ယနေ့(ဖေဖော်ဝါရီ ၂၁ရက်)တွင် ညွှန်ကြားထားကြောင်း ဗန်းမော်မြို့၊ စုပေါင်းရုံးမှ ဝန်ထမ်းတစ်ဦးက MPA သို့ပြောသည်။
ဗန်းမော်ခရိုင်အတွင်းရှိ မံစီ၊ ရွှေကူ၊ မိုးမောက်နှင့် ဗန်းမော်မြို့ပတ်ချာလည်ရှိ စစ်ကောင်စီစခန်းများကို KIA ပူးပေါင်းတပ်များက သိမ်းပိုက်ပြီးနောက် ဌာနဆိုင်ရာဝန်ထမ်းများ နေအိမ်တွင်သာ အလုပ်လုပ်ရန် ညွှန်ကြားခဲ့ခြင်းဖြစ်သည်။
“ ဗန်းမော်ခရိုင်ထဲက မံစီ၊ ရွှေကူနဲ့ မိုးမောက်မြို့ပေါ့၊ ဗန်းမော်မြို့ပတ်ချာလည်က စခန်းတွေကို KIA၊ AA၊ KPDF တွေက စခန်းတွေသိမ်းနေကြတယ်လေ။ မြို့နယ်လေးမြို့နယ်ထဲက ဝန်ထမ်းတွေကို သူတို့ မြို့ပေါ်ထိ တိုက်ပွဲတွေ ရောက်လာရင် ကြိုတင်ရှောင်ရှားနိုင်အောင်လုပ်ခိုင်းတာ၊ ဗန်းမော်မြို့ပေါ်ကိုလည်း ဝန်ထမ်းအများစု လာနေကြပြီ” ဟု ဗန်းမော်မြို့၊ စုပေါင်းရုံးမှ ဝန်ထမ်းက ဆိုသည်။
လက်ရှိအချိန်ထိ ဗန်းမော်မြို့ပေါ်ရှိ စုပေါင်းရုံး၊ တရားရုံး၊ ခရိုင်ရဲရုံး၊ သစ်တောရုံး၊ ဆောက်လုပ်ရေးရုံး၊ ပညာရေးရုံးနှင့် စိုက်ပျိုးရေးရုံးတို့တွင် ရုံးအတွင်း၌သာ အလုပ်လုပ်ကိုင်လျက်ရှိကြောင်း အဆိုပါ ဝန်ထမ်းက ထပ်မံ ရှင်းပြသည်။
“ ဗန်းမော်မြို့အောက်မှာက မံစီမြို့၊ အထက်ဘက်မှာက မိုးမောက်မြို့၊ အဲ့ဒီ့နှစ်မြို့လုံးက ဝန်ထမ်းတွေ အကုန်ရှောင်ပြေးကုန်ပြီ၊ ဘယ်သူမှ မလုပ်တော့ဘူး။ ဗန်းမော်မြို့ပေါ်မှာက ခရိုင်ရဲရုံးရှိနေသေးတော့ အလုပ်လုပ်နိုင်နေသေးတာ၊ ရွှေကူမြို့တစ်ဝက်ကလည်း PDF တွေရှိတော့ Non – CDM တွေ သိပ်မလှုပ်ရဲကြဘူး” ဟု ဗန်းမော်မြို့ သစ်တောရုံးမှ CDM ပြုလုပ်ခဲ့သည့် အရာရှိတစ်ဦးက ဆိုသည်။
“ မံစီမြို့နယ်ထဲက စီခမ်းကြီးဗျူဟာကုန်းစခန်းက အချက်အချာကျတဲ့ စခန်းလည်းဖြစ်တယ်။ KIA တွေက စစ်ကောင်စီရဲ့ အဓိက ထောက်ပို့တပ်ကို သိမ်းမိတာကို၊ စီခမ်းကြီးစခန်းကနေ ဗန်းမော်မြို့ဝန်းကျင်က ရှေ့တန်းစခန်းတွေကို ထောက်ပို့တာ၊ ဗန်းမော်မြို့ထဲက စကခ ၂၁၊ ခလရ ၄၇ မှာလည်း စစ်တပ်အင်အားက မရှိတော့ဘူး” ဟု ဗန်းမော်မြို့မှ CDM ပြုလုပ်ခဲ့သည့် တပ်ကြပ်တစ်ဦးက ပြောသည်။
ပြီးခဲ့သည့် ဖေဖော်ဝါရီ ၉ ရက်နှင့် ၁၆ ရက်နေ့တွင် ဗန်းမော် ခလရ ၄၇ မှ ပစ်ခက်သည့် လက်နက်ကြီးကျည်များကြောင့် မံစီဘုရားကျောင်း၊ ကောင်ရာကျေးရွာနှင့် မောရဝတီရပ်ကွက်များအတွင်းသို့ ကျရောက်ခဲ့ပြီး၊ အမျိုးသမီးတစ်ဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း မံစီမြို့မှ ဗန်းမော်မြို့ပေါ်သို့ စစ်ဘေးရှောင်နေသည့် အမျိုးသမီးတစ်ဦးက ပြောသည်။
“ ဗန်းမော်မြို့မှာ မျက်နှာစိမ်းလူတွေလည်း အရမ်းများလာတယ်၊ စစ်တပ်ကလည်း ပေါ်တာဆွဲ၊ ဖမ်းဆီးတာတွေ၊ ငွေတောင်းတာတွေ လုပ်တယ်။ ခရီးသွားလူငယ်တွေလည်း ဖမ်းတယ်” ဟု ဗန်းမော်မြို့၊ ညောင်ပင်ရပ်ရပ်ကွက်မှ အမည်မဖော်လိုသည့် အမျိုးသမီးတစ်ဦးက ပြောသည်။
ယမန်နေ့ (ဖေဖော်ဝါရီ ၁၉ ရက်) တွင် မံစီမြို့နယ်ရှိ စစ်ကောင်စီတပ်၏ စီခမ်းကြီးဗျူဟာကုန်းစခန်းကို KIA၊ AA နှင့် KPDF ပူးပေါင်းတပ်ဖွဲ့များက တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့သည်။