မြန်မာ့ သမိုင်းတစ်လျှောက်တွင် ပထမဆုံးအကြိမ်အဖြစ် လီဆူလူငယ်အစည်းအရုံးကို ဖွဲ့စည်းနိုင်ခဲ့ပြီဖြစ်ကြောင်း သိရသည်။
လီဆူလူငယ်အစည်းအရုံးကို ၂၀၂၃ခုနှစ်၊ဒီဇင်ဘာ ၄ရက်နေ့က လီဆူလူမျိုးစုဝင် လူငယ်များက စတင်ဖွဲ့စည်းခဲ့ခြင်းဖြစ်ကြောင်း လီဆူ လူငယ်အစည်းအရုံး(Lisu Youth Congress)-LYC၏ အထွေထွေအတွင်းရေးမှူး Dee Jar Fishက ပြောသည်။
“ မြန်မာ့နိုင်ငံရေးသမိုင်းတစ်လျှောက်မှာ နိုင်ငံရေးအရ လီဆူ လူငယ်အစည်းအရုံးဆိုတာ တစ်ခါမှ မရှိခဲ့ဘူး။ဒီလိုဖွဲ့စည်းရတဲ့အပေါ်မှာလည်း အထင်လွဲစရာဖြစ်နိုင်တဲ့ အချက်တစ်ချက်က လီဆူလူမျိုးတွေရဲ့ ကိုယ်ပိုင်ပြဌာန်းခွင့်ကို တိုက်ယူရမယ်ဆိုတာက ကချင်မျိုးနွယ်စုထဲကနေ ခွဲထွက်ရေးကိုကျွန်တော်ပြောနေတာမဟုတ်ဘူးပေါ့။ကျွန်တော်တို့က ကချင်လူမျိုးစုဝင်ဖြစ်တယ်။ဒါပေမယ့် ကချင်လူမျိုးစုဝင်ဖြစ်ပေမယ့်လည်း လူမျိုးစုအနေနဲ့ ရသင့်ရထိုက်တဲ့အခွင့်အရေးရရှိအောင်လုပ်ရမယ်လို့ ကျွန်တော်ပြောတာပါ” ဟု LYC၏ အထွေထွေအတွင်းရေးမှူး Dee Jar Fishက ပြောသည်။
အာဏာသိမ်းချိန်မှစတင်၍ လီဆူလူငယ် အစည်းအရုံးဖွဲ့စည်းရန် ကြိုးစားလုပ်ဆောင်ခဲ့သော်လည်း စစ်ကောင်စီတပ်၏ အင်အားသုံး ဖမ်းဆီးမှုကြောင့် မဖွဲ့စည်းနိုင်ခဲ့ဘဲ ကြန့်ကြာနေခြင်းဖြစ်ကြောင်း သိရသည်။
လက်ရှိတွင် လီဆူ လူငယ်အစည်းအရုံးသည် အဖွဲ့ဝင် ၂၀ကျော်ဖြင့် နိုင်ငံရေးလှုပ်ရှားမှုများ လုပ်ဆောင်နေပြီး မဟာမိတ်အဖွဲ့ဝင်များနှင့်လည်း လက်တွဲလုပ်ဆောင်သွားရန် ပြင်ဆင်နေကြောင်း Dee Jar Fishက ပြောသည်။
“ တစိနိုင်ငံလုံးအတိုင်းအတာနဲ့ လီဆူလူငယ်အစည်းအရုံးဖြစ်လာအောင် ကြိုးစားနေတယ်။လီဆူလူငယ်တွေ လီဆူလူမျိုးတွေရဲ့တန်းတူရေး၊ လီဆူလူမျိုးတွေရဲ့ ကိုယ်ပိုင်ပြဌာန်းခွင့်၊ လီဆူလူမျိုးတွေရဲ့ အခြေခံကျတဲ့ဖြစ်တည်မှုတွေကို ကျွန်တော်တို့ရဲ့ ဂုဏ်သိက္ခာတွေကို ကျွန်တော်တို့ကိုယ်တိုင်တိုက်ယူပြီးမှ ကျွန်တော်တို့ကိုယ်တိုင် လုပ်ယူမှရရှိမှာဖြစ်တယ်။ဒါကြောင့်မို့ ကျွန်တော်တို့ လီဆူလူငယ်အစည်းအရုံးမှာ ပူးပေါင်းပါဝင်ပါ။ကျွန်တော်တို့ ဒီအပေါ်မှာကြိုးစားပြီးတော့ လုပ်ဆောင်သွားမယ်လို့လီဆူလူငယ်တွေကိုတိုက်တွန်းချင်ပါတယ်” ဟု ၎င်းက ပြောသည်။
လီဆူ လူငယ်အစည်းအရုံး(Lisu Youth Congress)-LYC ပေါ်ပေါက်လာသည့် အပေါ် နွေးထွေးစွာ ကြိုဆိုကြောင်းနှင့် လီဆူ လူမျိုးစု၏ ကိုယ်ပိုင်ပြဌာန်းခွင့် ရရှိအောင် လုပ်ဆောင်နိုင်မည်ဟု ယုံကြည်ကြောင်း စစ်အာဏာရှင်စနစ်တိုက်ဖျက်ရေးအထွေထွေသပိတ်ကော်မတီ(GSC)၏ တာဝန်ရှိသူတစ်ဦးက ပြောသည်။
“ လက်နက်ကိုင်လမ်းစဥ်ကိုလိုက်နေတဲ့ လီဆူလူငယ်တွေ အများကြီးရှိပါတယ်။နေရာဒေသတိုင်းမှာ ဒီကချင်ထဲက PDFတွေမှာရောလီဆူတပ်ခွဲတွေရှိတယ်။ပြီးတော့ ရှမ်းတောင်၊ ရှမ်းမြောက်မှာလည်း ကိုယ်ထူကိုယ်ထပုံစံနဲ့ လက်နက်ကိုင်နေတဲ့လူငယ်တွေ ရှိပါတယ်။ဒါပေမယ့် လီဆူလူငယ်များအစည်းအရုံးက အကြမ်းမဖက်တဲ့ လမ်းစဥ်နဲ့လုပ်ဆောင်သွားမှာဖြစ်တယ်။ နိုင်ငံရေးလမ်းစဉ်ပေါ်တက်လာတဲ့အတွက် ကြိုဆိုပါတယ်။GSCအနေနဲ့လက်နက်ကိုင်လမ်းစဥ်ကို လုံးဝ လက်မခံတာမဟုတ်ဘူး ကျွန်တော်တို့ကအပြည့်အဝထောက်ခံပါတယ်” ဟု ၎င်းက ပြောသည်။
လက်ရှိတွင် လီဆူလူငယ်အစည်းအရုံး အနေဖြင့် နိုင်ငံရေးလှုပ်ရှားမှုများဆောင်ရွက်လျက်ရှိပြီး လီဆူ နယ်မြေအတွင်းရှိ သဘာဝပတ်ဝန်းကျင် ပျက်စီးမှုများကို ထိထိရောက်ရောက်ထိန်းသိမ်းသင့်ကြောင်းလည်း ထုတ်ပြန်ထားသေးသည်။