ထိုင်း-မြန်မာချစ်ကြည်ရေးတံတား(မြ၀တီ-မဲဆောက်တံတား)မှ ထိုင်းနိုင်ငံ မဲဆောက်မြို့သို့ ကူးရာတွင် ထိုင်းအစိုးရက မှတ်ပုံတင်များသိမ်းဆည်းပြီး မဲဆောက်မြို့တွင် အထောက်အထားစုံလင်စွာဖြင့်နေထိုင်သူက အာမခံမှသာလျှင် မှတ်ပုံ တင်ပြန်ပေးကြောင်း ပြည်သူများထံမှ စုံစမ်းသိရှိရသည်။
“ မနေ့က(ဇန်နဝါရီ ၁၉ရက်)၊ မနက် ၁၀ နာရီလောက် မြဝတီဘက်ကကူးလာတာ မြန်မာဘက်အခြမ်းကတော့ အဆင်ပြေတယ်။ ထိုင်းဘက်ရောက်တော့ ဘယ်သူ့ဆီလာတာလဲ ဘာလာလုပ်တာလဲ မေးတာ၊ အသိတစ်ယောက်ဆီအလည်လာတာပြောတော့ ရပြီသွားတော့ မှတ်ပုံတင်ပြန်တောင်းတော့မပေးလိုက်ဘူး။ အာမခံမဲ့သူပါရင်တော့ ပြန်ပေးမယ် မပါရင်တော့မရဘူးပြောလို့ မှတ်ပုံတင်ထားခဲ့ရတယ်” ဟု ကိုယ်တိုင်ကြုံတွေ့ခဲ့သူ အမျိုးသမီးတစ်ဦးက MPA ကိုပြောသည်။
ထိုကဲ့သို့ ထိုင်းအစိုးရဘက်က မှတ်ပုံတင်များ သိမ်းဆည်းနေသဖြင့် အာမခံလုပ်ပေးသည့် ပွဲစားများလည်း ရှိလာပြီး မှတ်ပုံတင်တစ်ခုလျှင် ထိုင်းဘတ်ငွေ ၆၀၀ထိတောင်းခံနေကြောင်း မြ၀တီ-မဲဆောက်ချစ်ကြည်ရေးတံတား အနီးတွင် နေထိုင်သည့် အမျိုးသားတစ်ဦးကပြောသည်။
“ ကျတော်တို့က ရန်ကုန်ကနေ မဲဆောက်အထိ ကားစင်းလုံးငှားလာတာ၊ တံတားရောက်တော့ ရန်ကုန်ကကားသမားက ဆင်းပြီး မဲဆောက်ကားသမားနဲ့ချိန်းတယ်။ ကျတော်တို့တစ်ဖွဲ့လုံး တန်းစီရပြီး ကားသမားက အာမခံပေးတော့ မှတ်ပုံ တင်ပြန်ပေးတယ်။ မဲဆောက်ကကားသမားကိုတော့ ပိုက်ဆံပိုပေးရတယ်” ဟု ရန်ကုန်မှ မဲဆောက်သို့လာသည့် လူငယ်တစ်ဦးက ပြောသည်။
စစ်ကောင်စီက ဖေဖော်ဝါရီ ၁၀ ရက်တွင် စစ်မှုထမ်းဥပဒေ ထုတ်ပြန်ခဲ့ပြီးနောက် ချစ်ကြည်ရေးတံတားမှတဆင့် မြန်မာနိုင်ငံဘက်မှ ထိုင်းနိုင်ငံဘက်သို့ ရွှေ့ပြောင်းသူ အများအပြားရှိနေသည့်အပြင် တရားမဝင်လမ်းကြောင်းမှ ဝင်ရောက်သူများလည်းရှိနေသည်။
ထိုကဲ့သို့ တရားမဝင်လမ်းကြောင်းမှ ထိုင်းနိုင်ငံသို့ ဝင်ရောက်သူများကို ဖမ်းဆီးမည်ဟု ထိုင်နိုင်ငံဝန်ကြီးချုပ် ဆာရက်သာ က သတိပေးထားသည်။