မန္တလေးမြို့၊ အောင်မြေသာစံမြို့နယ်၊ ၆၆ လမ်းနှင့် ၁၂ လမ်းထောင့်ရှိ ပက်စ်ပို့ရုံးတွင် တန်းစီစောင့်ဆိုင်းရင်း လူအုပ်ပိပြီး အမျိုးသမီး ၂ ဦးသေဆုံးကာ ၁ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
ယနေ့ (ဖေဖော်ဝါရီ ၁၉ ရက်)၊ နံနက် ၂ နာရီ ခွဲအချိန်တွင် ပက်စ်ပို့ရုံးတွင် တန်းစီစောင့်ဆိုင်းနေသည့် လူများတိုးဝှေ့ရာမှ လူအုပ်ပိပြီး အသက်ရှူကြပ်ကာ သေဆုံးခဲ့ခြင်းဖြစ်ကြောင်း ကူညီပေးခဲ့သည့် နန်းတော်ရှေ့လူမှုကူညီရေးအသင်း၏ တာဝန်ရှိသူတစ်ဦးက ပြောသည်။
“ အမျိုးသမီးနှစ်ယောက်ဆုံးသွားတယ်၊ တစ်ယောက်ကတော့ သွားကျိုးသွားတယ်၊ နောက်ပြီး ခြေထောက်မှာ အရိုးဒဏ်ရာရသွားတယ်၊ အဲဒီရုံးနားမှာက မြောင်းကြီးရှိတယ်၊ မြောင်းထဲကို ကျသွားတဲ့အချိန် လူတွေပိတော့ အသက်ရှုကြပ်ပြီး သေဆုံးသွားတာပါ” ဟု ၎င်းက ရှင်းပြသည်။
မန္တလေးပတ်စ်ပို့ရုံးက Passport ထုတ်ပေးရာတွင် ၂၀၂၃ နှစ်ကုန်အထိ Online Booking စနစ်ဖြင့် လုပ်ဆောင်ခဲ့သော်လည်း ယခုနှစ် (၂၀၂၄ ခုနှစ်)မှစတင်ကာ Passport လျှောက်ထားသူများကို တန်းစီတိုးဝှေ့ခိုင်းပြီး ဦးရာလူစနစ်ဖြင့် ထုတ်ပေးနေခြင်း ဖြစ်သည်။
လက်ရှိ ပတ်စ်ပို့ရုံး၌ တစ်ရက်လျှင် လျှောက်လွှာ(၂၅၀)ခန့် လက်ခံနေသော်လည်း လာရောက်တန်းစီနေကြသည့် လူအရေအတွက်မှာ သောင်းဂဏန်းအထိရှိနေပြီး ပွဲစားဆိုသူများက နေရာရောင်းချမှုများလည်း ရှိနေကြောင်း သိရသည်။
“ လူတွေကတော့ အများကြီးပဲ သောင်းဂဏန်းလောက်အထိကို ရှိတယ်၊ ကျိတ်ကျိတ်တိုးပဲ၊ တချို့ဆိုလည်း အနီးနားက ဘုန်းကြီးကျောင်းတွေမှာ ညအိပ်ပြီး စောင့်ကြတယ်၊ နောက်ပြီး ပွဲစားဆိုတဲ့ လူတွေက ရှေ့ကနေရာတွေဦးတယ်၊ ပြီးရင် တစ်နေရာကို တစ်သိန်းခွဲလောက်နဲ့ ပြန်ရောင်းစားကြတာ” ဟု မန္တလေးမြို့ခံပြည်သူတစ်ဦးက ပြောသည်။
ပြီးခဲ့သည့် ဖေဖော်ဝါရီ ၁၀ ရက်တွင် စစ်ကောင်စီက အသက် ၁၈ နှစ်အရွယ်မှ စတင်ကာ အမျိုးသား၊ အမျိုးသမီးများပါ ပါဝင်သည့် စစ်မှုထမ်းဥပဒေအား တရားဝင်ထုတ်ပြန်ခဲ့ပြီးနောက် ပြည်သူများအကြား စိုးရိမ်မှုများမြင့်တက်နေကာ စစ်မှုမထမ်းလိုခြင်းကြောင့် ယခုကဲ့သို့ ပြည်ပနိုင်ငံများသို့ ထွက်ခွာရန် စီစဉ်နေကြခြင်း ဖြစ်သည်။