မြန်မာနိုင်ငံ၊ တိုင်းနှင့်ပြည်နယ်အသီးသီးရှိ လေဆိပ်များတွင် ဖေဖော်ဝါရီ ၁၅ ရက်မှစတင်ပြီး ခရီးသွားပြည်သူများ၏ မှတ်ပုံတင်နှင့် သန်းခေါင်စာရင်းများကို စစ်ဆေးကာ နယ်ခံမဟုတ်လျှင် မြို့တွင်းသို့ပေးမဝင်ဘဲ ငွေတောင်းယူပြီး နေရပ်သို့ပြန်လွှတ်နေကြောင်း လေကြောင်းအသုံးပြု၍ ခရီးသွားလာသူများထံကသိရသည်။
“ လေယာဉ်ပေါ်ကဆင်းဆင်းချင်း စစ်ကောင်စီတပ်က ပုသိမ်မြို့တော်ခန်းမကို ခရီးသည်တွေအကုန်ခေါ်သွားပြီး စစ်ဆေးတယ်၊ မှတ်ပုံတင်၊ သန်းခေါင်စာရင်းပြခိုင်းတယ်၊ မြို့ခံ၊ နယ်ခံမဟုတ်တဲ့သူဆို ညနေပြန်ထွက်မယ့် လေယာဉ်နဲ့ ကိုယ့်မြို့ကိုပြန်ခိုင်းတယ်” ဟု ပုသိမ်လေယာဉ်ကွင်းတွင်ကိုယ်တိုင်ကြုံတွေ့ခဲ့ရသူ အမျိုးသမီးတစ်ဦးက MPA ကိုပြောသည်။
စစ်ကောင်စီတပ်ဖွဲ့ဝင်များက စစ်ဆေးမှုများပြုလုပ်ပြီး မြို့ခံ၊ နယ်ခံမဟုတ်သည့် ခရီးသွားပြည်သူများထံက တစ်ဦးလျှင် ငွေကျပ် ၁ သိန်းနှုန်း အကြောင်းမဲ့ကောက်ခံနေကြောင်းကိုလည်း ၎င်းအမျိုးသမီးဆက်လက်ပြောသည်။
“ လေယာဉ်လက်မှတ်ဖိုးတွေလည်း ကုန်တာမနည်းဘူး။ အဲ့ဒါအပြင်ကို နယ်ခံမဟုတ်လို့ ၁ သိန်းပေးပြီးပြန်လာရတယ် ကလေးကတစ်ဖက်နဲ့ ဒုက္ခအတော်ရောက်တာ၊ အမျိုးသားကသူ့အလုပ်ကခွင့်မရတော့ပါမလာဘူး။ ကလေးနဲ့နှစ်ယောက်ထဲ လမ်းခရီးမှာအဆင်မပြေဖြစ်တာပေါ့” ဟု ၎င်းကဆိုသည်။
“ ကျွန်တော်ဆို အလုပ်နဲ့ဖျော်ဖြေရေးသွားတာ မော်လမြိုင်လေယာဉ်ကွင်းမှာရှိတဲ့ စစ်သားတွေက ကျွန်တော်ကိုမသိဘူး။ ပွဲစီစဉ်တဲ့သူတွေလာခေါ်တာတောင် ပေးမဝင်ဘူး။ နယ်ခံမဟုတ်လို့ မယုံဘူး ပေးမဝင်တာလို့ပြောလို့ ကျွန်တော်လည်း ပွဲဖျက်ပြီး ရန်ကုန်ပြန်လာခဲ့တယ်” ဟု အမည်မဖော်လိုသည့် အဆိုတော်အမျိုးသားတစ်ဦးကဆိုသည်။
စစ်ကောင်စီက လေကြောင်းခရီးသွားလာမှုများကို တင်းကျပ်သည်မှာ တိုက်ပွဲများနှင့် နီးစပ်သည့်ဒေသများတွင်သာ ဖြစ်သည်ဟု ကနဦးထင်မြင်ခဲ့သော်လည်း ရန်ကုန်လေဆိပ်တွင်လည်း ထိုနည်းလည်းကောင်း စစ်ဆေးမှုများရှိခဲ့ပြီး ရန်ကုန်မြို့ခံမဟုတ်သူများအနေဖြင့် ပိုက်ဆံပေးမှသာ မြို့တွင်းသို့ဝင်ခွင့်ရကြောင်း ၎င်းကရှင်းပြသည်။
ပြီးခဲ့သည့် ဖေဖောဝါရီ ၁၀ ရက်က ထုတ်ပြန်ခဲ့သော စစ်မှုထမ်းဥပဒေကို အသက်သွင်းခဲ့ပြီးနောက် မြန်မာနိုင်ငံတွင် လေကြောင်းမှတစ်ဆင့် ပြည်ပထွက်ခွာခွင့်များ ကန့်သတ်ထားသော်လည်း မဖြစ်မနေထွက်ခွာရမည့်သူများအနေဖြင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးထောက်ခံစာဖြင့် ထွက်ခွာခွင့်ပြုနေကြောင်း လေဆိပ်နှင့်နီးစပ်သူတစ်ဦးက ပြောသည်။
မြန်မာနိုင်ငံအတွင်းရှိ ရန်ကုန်၊ နေပြည်တော်၊ မန္တလေး လေဆိပ်များတွင် နယ်ခံမဟုတ်သူများအနေဖြင့် စစ်ကောင်စီတပ်ဖွဲ့ဝင်များတောင်းသည့် ငွေကြေးပေးဆောင်လျှင် မြို့တွင်းသို့ ဝင်ခွင့်ရသော်လည်း အခြားလေဆိပ်များတွင် ဝင်ခွင့်မရကြောင်း ၎င်းကဆိုသည်။
လေယာဉ်ဖြင့် ခရီးသွားလာမည့်သူများသည် မိမိနေထိုင်ရာရပ်ကွက်လူကြီး၏ ထောက်ခံစာဖြင့် စီးနင်းခွင့်တောင်းခံရမည်ဖြစ်ပြီး ကိုယ်လက်အင်္ဂါချို့ယွင်းသူများ၊ ကျန်းမာရေးရေးမကောင်းသူများနှင့် ကျောင်းသား၊ကျောင်းသူများအား လေယာဉ်စီးနင်းသွားလာခွင့်ပြုရန် စစ်ကောင်စီကထုတ်ပြန်ထားကြောင်း သိရသည်။