ကချင်ပြည်နယ်၊ မံစီမြို့နယ်၊ ဂျယ်ခမ်းကျေးရွာ(ဒေသအခေါ် စီခမ်းကြီးကျေးရွာ)က စစ်ကောင်စီ၏ စီခမ်းကြီးဗျူဟာကုန်းစခန်းကို ဖေဖော်ဝါရီ ၁၉ ရက်၊ နံနက် ၁၁ နာရီတွင် ကချင်လွတ်မြောက်ရေးတပ်မတော် (KIA)၊ ရက္ခိုင့်တပ်တော် (AA) နှင့် KPDF ပူးပေါင်းတပ်ဖွဲ့များက တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ကြောင်း ဒေသခံများထံမှ စုံစမ်းသိရှိရသည်။
KIA တပ်မဟာ ၃ နယ်မြေရှိ၊ စစ်ကောင်စီတပ်၏ စီခမ်းကြီးဗျူဟာကုန်းစခန်းကို ပြီးခဲ့သည့် ဖေဖော်ဝါရီ ၁၇ ရက်မှ စတင်ကာ ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ယနေ့၊ နံနက်တွင် အပြီးသတ်သိမ်းပိုက်နိုင်ခဲ့ခြင်းဖြစ်ကြောင်း KIO သတင်းနှင့် ပြန်ကြားရေးဌာနက ဖော်ပြထားသည်။
“ ဒီမနက်အထိကို လေယာဥ်တွေ လာနေတုန်းပဲ၊ သိမ်းနိုင်ပြီ။ နယ်မြေရှင်းလင်းရေးဝင်နေတုန်းဆိုတော့ အတိအကျမသိရသေးဘူး” ဟု ရှေ့တန်းနှင့် နီးစပ်သူတစ်ဦးက MPA ကို ပြောသည်။
တိုက်ပွဲဖြစ်ပွားခဲ့သည့် သုံးရက်တာအတွင်း စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှုများကြောင့် အရပ်သား ၅ ဦးသေဆုံးခဲ့ပြီး နှစ်ဖက်တပ်ဖွဲ့များအနေဖြင့် ထိခိုက်သေဆုံးမှုများရှိကြောင်း သိရသော်လည်း MPA အနေဖြင့် ဆက်လက်စုံစမ်းလျက်ရှိသည်။
စီခမ်းကြီးကျေးရွာသည် မန္တလေး – မြစ်ကြီးနားလမ်းပိုင်းပေါ်တွင်တည်ရှိပြီး၊ စစ်ရေးနှင့်လမ်းပန်းဆက်သွယ်ရေးအရ အရေးပါသော ကျေးရွာတစ်ခုလည်း ဖြစ်သည်။
“ ရွာထဲလည်း ရစရာမရှိတော့ဘူးလို့ ကြားတယ်၊ အိမ်ပြန်ရင် တွေ့ရမယ့် မြင်ကွင်းကို မတွေးရဲဘူး။ ရွာထဲ ပိတ်မိနေတဲ့သူတွေလည်း ရှိနေဦးမှာ” ဟု ဗန်းမော်မြို့ပေါ်သို့ စစ်ရှောင်နေသည့် ဒေသခံတစ်ဦးက ဆိုသည်။
“ ဗန်းမော်မြို့ဘက်က ပြည်သူတွေကတော့ စိုးရိမ်နေကြတယ်၊ တိုက်ပွဲတွေရောက်လာပြီဆိုရင် ကျွန်မတို့လည်း ပြေးရမှာပဲ” ဟု ဗန်းမော်မြို့ခံ အမျိုးသမီးတစ်ဦးက ပြောသည်။
ယခုနှစ် ဇန်နဝါရီနှင့် ဖေဖော်ဝါရီလအတွင်း ရှမ်းပြည်နယ်မြောက်ပိုင်းရှိ မဘိမ်းမြို့နယ်အပါအဝင်၊ မံစီမြို့နယ်ရှိ ခမရ ၄၂၄ လက်အောက်ခံ ဂေါင်ငူယာန်စစ်ကောင်စီတပ်စခန်း၊ ခလရ ၆၀၂ လက်အောက်ခံ ကိုက်ထိပ်စစ်ကောင်စီတပ်စခန်းကြီးနှင့် ခလရ ၂၅၀ လက်အောက်ခံ စစ်ကောင်စီတပ်စခန်းကြီး(ဒေသအခေါ် ဘလောင်ဒိန်ဆာစခန်း) တို့ကို KIA နှင့် ပူးပေါင်းတပ်ဖွဲ့များက တိုက်ခိုက်သိမ်းပိုက်ထားနိုင်ခဲ့သည်။