မကွေးတိုင်း၊ ဂန့်ဂေါမြို့နယ်မြောက်ပိုင်း၊ မြောက်ခင်ရန်းပျူစောထီးကျေးရွာရှိ စစ်ကောင်စီနှင့်ပျူစောထီးများက သင်တောရွာမှ ကလေးငယ်များအပါအဝင် အရပ်သား(၁၉)ဦးကို ဖမ်းဆီး၍ စစ်ဆေးမှုများ ပြုလုပ်နေကြောင်း ဒေသခံသတင်းရင်းမြစ်များထံက သိရသည်။
စစ်ကောင်စီအထိုင်ချ မြောက်ခင်ရန်းရွာနှင့် ဟံသာဝတီရွာအပါအဝင် ပျူစောထီးရွာ(၁၁)ရွာမှ စစ်ကောင်စီနှင့်ပျူစောထီး စုပေါင်းအင်အား (၂၀၀)ခန့်ပါစစ်ကြောင်းသည် သင်တောရွာ၊ ရွှေဘိုရွာနှင့် ရေသာ(ကံတိုး)ရွာတို့ကို ဖေဖော်ဝါရီ (၁၄)ရက်တွင် စစ်ကြောင်းထိုး၍ အရပ်သား (၁၀)ဦးဖမ်းဆီးသတ်ဖြတ်ကာ၊ (၁၉)ဦးကို အရှင်ဖမ်းဆီးသွားခဲ့ခြင်းဖြစ်သည်ဟု သိရသည်။
“ သူတို့(စကစနှင့်ပျူများ)က ရွာထဲကို သေနတ်တွေပစ်ဖောက်ပြီး ရုတ်တရက်ဝင်လာတာဆိုတော့ မပြေးနိုင်တဲ့ အမျိုးသမီးတွေ၊ ကလေးတွေနဲ့ သက်ကြီးပိုင်းတွေအဖမ်းခံလိုက်ရတာဗျ၊ ဖမ်းခံရတာက အသက်(၆၀)ကျော် အဘိုးကြီးတစ်ဦးနဲ့ (၉)နှစ်အရွယ် ကလေးတစ်ယောက်ဗျ၊ အမျိုးသမီးက (၁၇)ယောက်ပါသွားတာဗျ၊ ၃နှစ်၄နှစ်အရွယ်ကလေး၂ယောက်နဲ့ ကျန်တာတွေက ၃၀၊ ၅၀အရွယ်တွေဗျ” ဟု သင်တောရွာဒေသခံအမျိုးသားတစ်ဦးက MPAကိုပြောသည်။
ထိုကဲ့သို့ ဖမ်းဆီးခံရသူများနှင့်ပတ်သက်၍ မြောက်ခင်ရန်းရွာရှိစစ်ကောင်စီနှင့် ပျူစောထီးများက သင်တောရွာဒေသခံတစ်ဦးကို ဖုန်းဖြင့်ဆက်သွယ်ကာ ဓာတ်ဆီပေပါ (၁၅)ပေပါ၊ ဆား(၁၀)အိတ်၊ ဟင်းချိုမှုန့် (၁၀)အိတ်နှင့် Grand Royal အပြာ (၁)ဖာဖြင့်ရွေးယူရန် ဆက်သွယ်ခဲ့ကြောင်းသိရသည်။
“ ဖမ်းခံရတာက ကလေးတွေနဲ့ အမျိုးသမီးတွေ၊ သက်ကြီးပိုင်းတွေဆိုတော့ မိသားစုတွေကတော့ စိတ်ပူနေကြတာပါ၊ သူတို့တောင်းတာတွေ ပို့ပေးဖို့လည်း လုပ်နေကြရတာ” ဟု ၎င်းကဆက်ပြောသည်။
အရှင်ဖမ်းဆီးသွားသူများကို လက်ရှိတွင် မြောက်ခင်ရန်းရွာ အုပ်ချုပ်ရေးမှူးရုံး၌ စစ်ဆေးမှုများပြုလုပ်လျက်ရှိသည်ဟု မြောက်ခင်ရန်းပျူစောထီးများနှင့်နီးစပ်သည့် သတင်းရင်းမြစ်က MPAကိုပြောသည်။
“ အခုက ပျူစောထီးအဖွဲ့သားတွေ အချင်းချင်းတောင် မသိရဘူး။ အနီးကပ်အဖွဲ့တွေပဲ စစ်ဆေးမေးမြန်းမှုတွေလုပ်နေတာ၊ အရင်တခါမီးရှို့သတ်တဲ့ကိစ္စကတည်းက အဲ့ဒီလိုပေါ်တင်လုပ်ရမလားဆိုပြီး စစ်တပ်ကဆူဆဲထားတာ၊ ပြန်လွှတ်မလွှတ်တော့ မသေချာသေးဘူး “ ဟု ၎င်းကပြောသည်။
စစ်ကောင်စီသည် မြောက်ခင်ရန်းရွာအပါအဝင် ပျူစောထီးကျေးရွာများကို ဖေဖော်ဝါရီလ (၇)ရက်နေ့က ရဟတ်ယာဥ်ဖြင့် လက်နက်ခဲယမ်းအများအပြား ပို့ဆောင်ပေးခဲ့ပြီး အနီးပတ်ဝန်းကျင်ကျေးရွာများသို့ ပြန်လည်စစ်ကြောင်းထိုးနေခြင်းဖြစ်သည်။
ယင်းအပြင် စစ်ကောင်စီနှင့်ပျူစောထီးများအနေဖြင့် ဂန့်ဂေါမြို့အထိ ရိက္ခာလမ်းကြောင်းပြန်ဖွင့်နိုင်ရေး စစ်ကြောင်းထိုးနိုင်ခြေရှိကြောင်း နီးစပ်သည့်သတင်းရင်းမြစ်များထံက စုံစမ်းသိရှိရသည်။