လက်နက်မချဘဲ ခံစစ်ပြင် တင်းခံခဲ့သည့် ရှားတော မြို့တွင် ဗိုလ်မှူးကြီးအဆင့်အပါ အဝင် စစ်သား၁၆၀ကျော်သေဆုံးခဲ့ကြောင်း သိရသည်။
ဖေဖော်ဝါရီ ၁၂ ရက် နံနက် ၇ နာရီခန့်ကကရင်နီပြည်နယ်၊ ရှားတောမြို့ရှိ နောက်ဆုံးခံစစ်ဖြစ်သည့် ဗျူဟာကုန်းစခန်းကို ကရင်နီတော်လှန်ရေးပူးပေါင်းတပ်ဖွဲ့က ထိုးစစ်ဆင်တိုက်ခိုက်သိမ်းပိုက်ခဲ့ခြင်းဖြစ်ကြောင်း ရှားတောအခြေစိုက် KNDFတပ်ဖွဲ့၏ တာဝန်ရှိသူတစ်ဦးက ပြောသည်။
“ ၁၂ရက်နေ့က ရှားတောတစ်မြို့လုံးကို သိမ်းလိုက်တာပါ။ရှားတောမှာ တိုက်ပွဲဖြစ်နေတာတော့ တစ်လနီးပါးရှိပြီ။သူတို့တင်းခံနေတာပေါ့။ကာကင်းတွေနဲ့ စခန်းကုန်းတွေကိုတော့ ဇန်နဝါရီလထဲက သိမ်းထားတာပါ။သူတို့ကို လက်နက်ချဖို့ခဏခဏပြောပြီး အချိန်ပေးပေမယ့် မရလို့ သိမ်းလိုက်တာပါ” ဟု ၎င်းက ပြောသည်။
ဇန်နဝါရီ ၁၅ရက်မှ စတင်၍ ရှားတောမြို့၊မြို့အဝင် စေတီကုန်းပေါ်တွင် ခမရ-၄၈၂ တပ်၏ ရှေ့တန်းအထိုင်ချ ကာကင်းစခန်းကုန်းများဖြစ်သည့် အန္တရာယ်ကွေ့စခန်းကုန်း ၂ ကုန်းအား ကရင်နီတော်လှန်ရေးတပ်ပေါင်းစုက ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ရာ ဇန်နဝါရီ ၁၇ရက်နေ့၌ အပြီးသတ်သိမ်းယူနိုင်ခဲ့ကြောင်း သိရသည်။
ယင်းနောက် ရှားတောမြို့အဝင်ရှိ စစ်ကောင်စီတပ်၏ ဗျူဟာကုန်းအရှေ့ကာကင်းများကိုလည်း ဆက်လက် တိုက်ခိုက်ခဲ့ပြီး ဇန်နဝါရီ၂၁ရက်တွင် ဗျူဟာကုန်းစခန်းအား တော်လှန်ရေးအင်အားစုများက ဝန်းရံပိတ်ဆို့ထား နိုင်ခဲ့ကြောင်း KNDF ၏ ထုတ်ပြန်ချက်၌ပါရှိသည်။
ရှားတောမြို့သိမ်းတိုက်ပွဲတွင် ဗိုလ်မှူးကြီး၊ ဒု-ဗိုလ်မှူးကြီး၊ ဗိုလ်မှူးနှင့် ဒု-ရဲမှူးများ အပါအဝင် စစ်သား ၁၆၀ ကျော်ကို ချေမှုန်းနိုင်ခဲ့ပြီး စစ်သုံ့ပန်း အချို့ကိုလည်း ဖမ်းဆီးရရှိခဲ့ကြောင်း KNDF က ထုတ်ပြန်ထားသည်။
“ ဖမ်းဆီးရမိတဲ့ သုံ့ပန်းက ၂၉ဦးမိတယ်လို့ ကနဦးသိရပါတယ်။ဗျူဟာမှူးကိုလည်း အရှင်ဖမ်းမိတယ်။နောက်ပြီးတော့ ဗျူဟာကုန်းက စစ်သားတွေနဲ့ သူတို့မိသားစုဝင်တွေကို ဖမ်းဆီးရရှိခဲ့ပါတယ်။ကလေးတွေနဲ့ အမျိုးသမီးတွေလည်းပါတယ်။လုံခြုံတဲ့နေရာတစ်ခုမှာ ထားထားပါတယ်” ဟု ရှားတောတိုက်ပွဲအတွင်းပါဝင်သည့် ကရင်နီပြည်တပ်မတော် (KA)၏ တာဝန်ရှိသူတစ်ဦးပြောသည်။
ရှားတောမြို့သိမ်းတိုက်ပွဲအတွင်း စစ်ကောင်စီတပ်ထံမှ လက်နက်ငယ် ၁၂၈ လက်၊ လက်နက်ကြီးအစုံ ၁၈ လက်၊ Smoke Gun ၃ လက်၊ Jammer Gun ၁ လက် ၊ဆက်သွယ်ရေးစက်များ၊ ခဲယမ်းကျည်ဆန်များနှင့် အသုံးအဆောင်ပစ္စည်းများ သိမ်းဆည်းရမိခဲ့ကြောင်း KNDFတပ်ဖွဲ့ထံက သိရသည်။
“ မြို့သိမ်းတိုက်ပွဲအတွင်းမှာ စစ်တပ်ဘက်က လေကြောင်းပစ်ကူ ၂၀၅ကြိမ်ပေးပြီးကာခဲ့တယ်။ဗျူဟာကုန်းနား ကပ်တုန်းကလည်း ရဟတ်ယာဉ်နဲ့ စစ်ကူပို့တာတွေရှိတယ်။ဗုံးကြဲတာကတော့ တိုက်လေယာဉ်၊ ဂျက်ဖိုက်တာ၊ Y12 Drop ဗုံးတွေသုံးတာပါ” ဟု ၎င်းက ပြောသည်။
ရှားတောမြို့သိမ်းတိုက်ပွဲအတွင်း KNDFတပ်ဖွဲ့ဝင် ၃ဦးကျဆုံးခဲ့ပြီး မဟာမိတ်တော်လှန်ရေးအင်အားစုမှ ရဲဘော်အချို့လည်း ကျဆုံးခဲ့ကြောင်း MPAက စုံစမ်းသိရသည်။
လက်ရှိတွင် ရှားတောမြို့ကို KNDFနှင့် ပူးပေါင်းတပ်ဖွဲ့က သိမ်းပိုက်ထားသည်။
စစ်သားများ သေဆုံးမှုအပေါ် MPA အနေနှင့် သီးခြားအတည်မပြုနိုင်ပေ။