စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့ပေါ်တွင် နေထိုင်သည့် ပြည်သူများအနေဖြင့် မိသားစုပုံကို အိမ်ရှေ့တွင် ချိတ်ဆွဲရမည်ဟု စစ်ကောင်စီက အမိန့်ထုတ်ပြန်လိုက်သည်။
ဖေဖော်ဝါရီလဆန်းပိုင်းတွင် ယင်းသို့ ထုတ်ပြန်လိုက်ခြင်းဖြစ်ပြီး ဖေဖော်ဝါရီ ၁၄ရက် နောက်ဆုံးထား၍ ပြုလုပ်ရမည်ဖြစ်ကြောင်းဒေသခံအချို့ထံက သိရသည်။
အိမ်တစ်အိမ်၌နေထိုင်သော လူအားလုံး၏မျက်နှာ ထင်ပေါ်စေသည့် ၄လက်မ၊ ၆လက်မ အရွယ်အစားရှိ ဓာတ်ပုံ ၃ ပုံ ရိုက်ခိုင်းပြီး ၂ပုံကို သက်ဆိုင်ရာ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးသို့ ပေးပို့ရမည်ဖြစ်ကာကျန် ၁ပုံ အား နေအိမ်၏ လူမြင်သာသည့် နေရာ၌ ချိတ်ဆွဲထားရမည်ဟု ကန့်ဘလူစစ်ကောင်စီက အမိန့်ထုတ်ထားခြင်းဖြစ်သည်။
“ အဓိကကတော့ မြို့ပေါ်နေတဲ့သူတွေကို လုပ်ခိုင်းတာ။မလုပ်မနေရဆိုပြီး လုပ်ခိုင်းတော့ ဘယ်သူကမှ မလုပ်ရဲဘဲ မနေနိုင်ဘူး။ တစ်မြို့လုံးကတော့ လိုက်လုပ်နေကြတာပဲ။လုပ်ဆိုတော့လည်း လုပ်ရတာပါပဲ” ဟု ကန့်ဘလူမြို့ခံတစ်ဦး ကဆိုသည်။
ခရီးသွားမည်ဆိုလျှင် ရပ်ကွက်ထောက်ခံစာ၊ ရဲစခန်းထောက်ခံစာနှင့် စစ်ဒေသကွပ်ကဲရေး (၆၀၀၆ အမြောက်တပ်) ထောက်ခံစာတို့လိုအပ်ပြီး ကျန်းမာရေးကိစ္စဆိုပါက ဆေးရုံထောက်ခံစာပါ လိုအပ် ကြောင်း သိရသည်။
“ သူတို့အဓိကကတော့ မြို့တွင်းလူတွေ မြို့ပြင်ကို ထွက်ပြေးမှာ တအားစိုးတာ။ မြို့ကလူမရှိတော့ရင် ကာကွယ်ရေးအဖွဲ့တွေက လာတိုက်မယ်လို့ ယူဆထားဟန်တူပါတယ်။ဒါကြောင့် မြို့ပြင်ထွက်မရအောင် လုပ်တာလို့ပဲ ယူဆပါတယ်” ဟု ဒေသတွင်း နွေဦးတော်လှန်ရေးစာမျက်နှာ Infinity Group သတင်းတာဝန်ခံ ကိုအနန္တက MPA သို့ပြောသည်။
လက်ရှိတွင် ကန့်ဘလူမြို့ပေါ်၌ ကုန်ကားနှင့် ခရီးသွားယာဥ် များ အသွားအလာမပျက်သလို မြို့ခံ တို့သည်လည်း ပုံမှန်လှုပ်ရှားသွားလာနေကြဆဲဖြစ်ကာ နေရပ်စွန့်ခွာ ရှောင်တိမ်းသည့်ပြည်သူများ လတ်တလော၌ မရှိသေးကြောင်း သိရသည်။
စစ်ကောင်စီတပ်သည် ဖေဖေါ်ဝါရီ၇ရက်နှင့် ၈ရက် တို့တွင် တိုက်ပွဲပြင်းထန်ခဲ့သည့် ကန့်ဘလူမြောက်ခြမ်းရှိ ချပ်သင်းစံပြရွာအနီးသို့ လက်နက်ကြီးဖြင့် အကြိမ်ရေများစွာပစ်ခတ်ခဲ့သလို လေကြောင်း တိုက်ခိုက်မှုလည်း ပြုလုပ်ခဲ့ကြောင်း Infinity Group ကထုတ်ပြန်ထားသည်။