မွန်ပြည်နယ်၊ ကျိုက်မရော အကျဉ်းထောင်ရှိ နိုင်ငံရေးအကျဉ်းသားများသည် အကျဉ်းဦးစီးဌာနသို့ တောင်းဆိုထားသည့် အချက်များ မရမခြင်း အစာငတ်ခံဆန္ဒပြလျက်ရှိကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများ ကွန်ရက်မှ ယနေ့ (ဖေဖော်ဝါရီ ၉ရက်)တွင် ထုတ်ပြန်ထားသည်။
ကျိုက်မရောအကျဉ်းထောင်ရှိ ထောင်ဝန်ထမ်းများသည် ပြီးခဲ့သည့် ဖေဖော်ဝါရီ ၄ရက်က အကျဉ်းထောင်အတွင်း ရှာဖွေမှုများပြုလုပ်ပြီးနောက် အကျဉ်းသားများကို စစ်ဆေးခဲ့ခြင်းကြောင့် နိုင်ငံရေးအကျဉ်းသားများသည် ဖေဖော်ဝါရီ ၆ရက်မှ စတင်ကာ အစာငတ်ခံဆန္ဒပြမှု လုပ်ဆောင်ခဲ့ခြင်းဖြစ်သည်။
” ဇန်နဝါရီ ၂၈ရက်က ရဲ၊စစ်တပ်နဲ့ ပူးပေါင်းအဖွဲ့တွေက ထောင်ထဲမှာ အကျဉ်းသားတွေအားလုံးကို ရှာဖွေစစ်ဆေးမှုတွေ လုပ်တယ်။ အဲဒီတုန်းက ဘာပြဿနာမှမဖြစ်ဘူး။ ဇန်နဝါရီတုန်းကကိစ္စကို ဖေဖော်ဝါရီ ၄ရက်နေ့မှာ ဖုန်းတွေ့ပါတယ်ဆိုပြီး အကျဉ်းသားတွေကို အတင်းအဓမ္မ ဖမ်းဆီးခေါ်ဆောင်သွားတယ်။ အဲဒီနေ့ကတည်းက အကျဉ်းသားတွေက စိတ်ပူတာနဲ့ ထောင်အာဏာပိုင်တွေကို တင်ပြတောင်းဆိုတာ မရလို့ ဖေဖော်ဝါရီ ၆ရက်နေ့ကစပြီး ဒီနေ့အထိ အစာအငတ်ခံ ဆန္ဒပြနေကြတာပါ “ ဟု မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများ ကွန်ရက်မှ ဦးဆောင်ကော်မတီဝင် ကိုသိုက်ထွန်းဦးက ပြောသည်။
ကျိုက်မရောအကျဉ်းထောင်အတွင်း ကျန်းမာရေးစောင့်ရှောက်မှု လုံလောက်စွာမရရှိခြင်းကြောင့် ယခုကဲ့သို့ အစာငတ်ခံဆန္ဒပြမှုများဆောင်ရွက်သည့်အတွက် အကျဉ်းသား၏ ကျန်းမာရေးအခြေအနေမှာလည်း ဆိုးရွားလျက်ရှိ ကြောင်း သိရသည်။
“ လက်ရှိမှာ အကျဉ်းသားတွေရဲ့ ကျန်းမာရေးအခြေအနေကဆိုးဝါးနေတယ်။ နဂိုကတည်းက ကျိုက်မရောထောင်တွင်းအခြေအနေက အဆိုးဆုံးပဲလေ၊ အဲ့ဒါကြောင့်မို့ ကျတော်တို့က စိုးရိမ်နေတယ်။ အားလုံးကတော့ တောင်းဆိုမှုတွေ မရမချင်း အစာအငတ်ခံဆန္ဒပြသွားမယ်လို့ သိရတယ်” ဟု ကျိုက်မရောအကျဉ်းထောင်နှင့်နီးစပ်သူတစ်ဦးက ပြောသည်။
ကျိုက်မရော အကျဉ်းထောင်အတွင်း အစာငတ်ခံဆန္ဒပြနေသည့် နိုင်ငံရေးအကျဉ်းသား ၄၇ ဦးရှိပြီး ထပ်မံပူးပေါင်းပါဝင်မည့် အကျဉ်းသား ၁၆၄ဦးသည်လည်း ကျန်းမာရေးအခြေအနေနှင့် အသက်အန္တရာယ် စိုးရိမ်ရသောကြောင့် အကျဉ်းသားများ၏ တောင်းဆိုမှုကို လိုက်လျောပေးစေလိုကြောင်း ၎င်းက ဆိုသည်။
ကျိုက်မရောအကျဉ်းထောင်အတွင်းရှိ နိုင်ငံရေးအကျဉ်းသားများက တောင်းဆိုထားသည့် အချက်အများသည် စုံစမ်း မေးမြန်းစဉ်ကာလ၊ အပြစ်ပေးအရေးယူခြင်းကာလတို့တွင် တရားလက်လွန်ဆောင်ရွက်ခြင်း မဖြစ်ပေါ်စေရေး၊ လူ့အခွင့်အရေးနှင့်အညီဆောင်ရွက်ရေးနှင့် ကျန်းမာရေးဆိုင်ရာ စောင့်ရှောက်မှုများ အလွယ်တကူ ရရှိရေးတို့အတွက် အစာငတ်ခံဆန္ဒပြ တောင်းဆိုခြင်းနေခြင်းဖြစ်သည်။
ထို့ပြင် ကျိုက်မရောအကျဉ်းထောင်၊ အိပ်ဆောင် ၃မှ အကျဉ်းသား ၂ဦး၏ နေ့စဉ်ကျန်းမာရေး စစ်ဆေးပေးရန်နှင့် အကျဉ်းတိုက်မဟုတ်သော အခြားသင့်လျော်သည့် နေရာသို့ ပြောင်းရွှေ့ပေးရန်၊ စုံစမ်းစစ်ဆေးမှုများပြီးဆုံးသည်နှင့် တစ်ပြိုင်နက် မူလနေထိုင်ရာ အဆောင်သို့ ပြန်လည်ပို့ဆောင်ပေးရန်၊ အကျဉ်းသူ၊ အကျဉ်းသားများကို စစ်ဆေးမေးမြန်းမှု ပြုလုပ်လိုပါက ထောင်ဖွင့်ချိန်၌သာ ပြန်လုပ်ပေးရန် အကျဉ်းသားများက အစာငတ်ခံဆန္ဒပြတောင်းဆိုနေခြင်းလည်းဖြစ်သည်။