မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်၊ မလှိုင်မြို့နယ်ရှိ ကျေးရွာများအတွင် ပြည်သူ့စစ်ဖွဲ့ရန် စစ်ကောင်စီက ပြင်ဆင်နေကြောင်း မိတ္ထီလာခရိုင်၊ အမှတ် ၂တပ်ရင်းနှင့် မလှိုင်ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) က ယမန်နေ့ (ဖေဖော်ဝါရီ ၆ရက်) တွင် ထုတ်ပြန်ထားသည်။
“ အခုသိထားတာတော့ သိမ်းကုန်းအုပ်စု၊ သဘွတ်ကုန်းအုပ်စုနဲ့ ကျောက်တန်းအုပ်စု သုံးခုကို မဲနှိုက်ပြီးရွေးဖို့လုပ်နေတယ်လို့ ကနဦး သိထားပါတယ်။ မဲနှိုက်ပြီးတစ်ရွာကို လူ(၂၀)စစ်သင်တန်းတက်ရမယ်လို့ သိရပါတယ်၊ မဲမပေါက်တဲ့ အိမ်တွေက စရိတ်ငွေထည့်ဝင်ကြရမယ်လို့ ကြားတယ်။ ထည့်ရမဲ့ ငွေပမာဏကိုတော့ မသတ်မှတ်ကြသေးဘူး” ဟု မလှိုင် ပကဖ တွဲဘက်တာဝန်ခံ ကိုဗဒင်က MPAသို့ ပြောသည်။
ယခုကဲ့သို့ ဖြစ်စဉ်များကြောင့် စစ်ကောင်စီ ဆက်လက်ရှိနေပါက ဒုက္ခမျိုးစုံကြုံတွေ့ရမည်ဖြစ် သောကြောင့် တော်လှန်ရေးအောင်မြင်စေရန် ပြည်သူများအနေဖြင့် တက်နိုင်သည့်ဘက်မှ ၀ိုင်းဝန်းကူညီပေးစေလိုကြောင်း၊ စစ်သင်တန်းတက်ရောက်ပြီး စစ်ကောင်စီနှင့် လက်တွဲအလုပ်လုပ် သူများကိုလည်း စနစ်တကျမှတ်တမ်းတင်ထားပြီး တော်လှန်ရေးအလွန်ကာလ ရောက်သည့်အချိန်၌ ဥပဒေနှင့်အညီအရေးယူဆောင်ရွက်နိုင်ရန် လုပ်ဆောင်သွားမည်ဟု ကိုဗဒင်လက် ဆက်လက်ရှင်းပြသည်။
“ စခန်းထဲမှာသာ PDF တွေကို ကြောက်စရာမလိုဘူး ပြောတာ၊ တကယ့်တကယ်က စစ်တပ်က ကြောက်နေကြတာ၊ ဘန်ကာတွေဆောက်၊ Slow Down တွေ လုပ်နဲ့ပဲဗျ၊ ဒီကောင်တွေ စိတ်ဓာတ်အင်အား၊ လူအင်အားက ချိနဲ့နေတာ ကြာပြီ” ဟု CDM ရဲတပ်ကြပ်တစ်ဦးက ဆိုသည်။
လက်ရှိတွင်လည်း မလှိုင်မြို့နှင့် နီးကပ်စွာတည်ရှိသည့် တောင်သာ၊ မြင်းခြံနှင့် နွားထိုးကြီးမြို့နယ်များတွင် စစ်ကောင်စီတပ်နှင့် ဒေသခံကာကွယ်ရေးတပ်ဖွဲ့များအကြား ထိတွေ့တိုက်ပွဲများ ပြင်းထန်လျက်ရှိသည်။
“ မလှိုင်မြို့နားတဝိုက်တိုက်ပွဲတွေမှာ စစ်တပ်က အထိနာတာတွေ ကြားရတယ်။ အခုဆို ပြည်သူ့စစ်ဖွဲ့ဖို့၊ သင်တန်းတက်ကြဖို့ ဖိအားပေး စီစဉ်နေကြပြီ၊ မြို့ပေါ်ကလူတွေကတော့ စိတ်ညစ်တာပေါ့” ဟု မလှိုင်မြို့နယ်အတွင်းရှိ ဒေသခံအမြိုးသမီးတစ်ဦးက ပြောသည်။
မလှိုင်မြို့နယ်အတွင်း စစ်ကောင်စီလက်အောက်ခံ အုပ်ချုပ်ရေးမှူးများ၊ သတင်းပေးများ မကြာခဏ အသတ်ခံရမှုများရှိသော်လည်း စစ်တပ်ထောက်ခံသူများက အစားထိုးဝင် ရောက်လုပ်ကိုင်နေသဖြင့် အုပ်ချုပ်ရေးယန္တရား ဆက်လက်လည်ပတ်နိုင်နေခြင်းဖြစ်သည်ဟု ဒေသခံများက ဆိုသည်။