စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်၊ ဇီးဖြူကုန်းကျေးရွာကို စစ်ကောင်စီတပ်က ရွာလုံးကျွတ် မီးရှို့ကာ ပြည်သူ ၈ ဦးအား သတ်ခဲ့ကြောင်း သိရသည်။
ဖေဖေါ်ဝါရီ၁ရက်၊ နံနက်၄နာရီခန့်တွင် စစ်သားနှင့် ပျူစောထီး စုစုပေါင်းအင်အား ၁၀၀ ပါ စစ်ကြောင်းသည် အိမ်ခြေ ၁၃၀၀ ဝန်းကျင်ရှိ ဇီးဖြူကုန်းကျေးရွာသို့ သေနတ်များ ပစ်ဖောက် ဝင်ရောက်ကာ မီးရှို့ခဲ့ခြင်းဖြစ်ကြောင်း ဗိုလ်ကျားရိုင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (LPDF) ထံက သိရသည်။
ယင်းစစ်ကြောင်းသည် ဇီးဖြူကုန်းရွာတွင် စခန်းချကာ နေ့စဉ်ဆိုသလို ပြည်သူ့နေအိမ်များအား မီးရှို့ လျက်ရှိကြောင်း သိရသည်။
“ဇီးဖြူကုန်းကတော့ တစ်ရွာလုံးနီးပါး ပြာကျတဲ့အနေအထားပါ။၆ရက်လောက်မီးရှို့နေတာဆိုတော့လည်း ကုန်သလောက်နီးပါးရှိနေလောက်ပါပြီ။ကျနော်တို့ကလည်း သွားကြည့်လို့မရဘူး။ဇီးဖြူကုန်းမှာက စစ်တပ်က မထွက်သေးဘူး” ဟု ဗိုလ်ကျားရိုင်း-ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တာဝန်ခံ ရဲဘော်ဗလကြီး ကပြောသည်။
ယင်းစစ်ကြောင်း ဝင်ရောက်လာစဉ် ဒေသခံ ၁၆၀ခန့် ဖမ်းဆီးခံခဲ့ရပြီး အယောက်၆၀ခန့်ကို ပြန် လွှတ် ပေးခဲ့ကြောင်း သိရသည်။
“ ဇီးဖြူကုန်းက ဓားစာခံ အယောက် ၆၀ လောက် လွှတ်တယ်လို့ သိရတယ်။သူတို့ကိုလည်း ရွာကိုပြန်မလာနဲ့ လို့လည်းပြောတယ်။ပြန်လွှတ်ပေးတာတွေက သက်ကြီးရွယ်အိုတွေနဲ့ကလေးတွေ” ဟု ၎င်းကဆက်လက်ပြောသည်။
ယင်းစစ်ကြောင်းသည် ယနေ့(ဖေဖေါ်ဝါရီ၇ရက်)ညနေပိုင်းအထိ ဇီးဖြူကုန်းရွာကို မီးရှို့နေကြောင်း စစ်ရှောင်ကူညီသူတစ်ဦးကပြောသည်။
“ပြန်လွတ်လာတဲ့ပြည်သူ ပြောတာကတော့ ပြည်သူ ၈ ယောက်ကို ပုဆိန် နဲ့ထုသတ်ပစ်တာ။မိဘတွေရှေ့တင်ပဲ။PDFလို့စွပ်စွဲပြီးတော့။အသတ်ခံရသူတွေက လူငယ်နဲ့ လူလတ်ပိုင်းတွေ ။သူတို့က အရပ်သားတွေပါ” ဟု ၎င်းက ပြောသည်။
၂လအတွင်း ဇီးဖြူကုန်းရွာသား ၄၀ခန့်ကို စစ်ကောင်စီတပ်က သတ်ခဲ့ကြောင်း ၎င်းကဆက်လက်ပြောသည်။
ဖေဖော်ဝါရီ ၄ ရက်၊နံနက် ၁၀ နာရီဝန်းကျင်ကလည်း ဇီးဖြူကုန်းကျေးရွာနှင့် ကပ်လျက်တည်ရှိသော မြို့လှ ကျေးရွာကိုစစ်တပ်က ဝင်ရောက် မီးရှို့ခဲ့ရာ နေအိမ် ၂၀၀ ခန့် မီးလောင်ပြာကျခဲ့ကြောင်း သိရသည်။