ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့နှင့် မင်းပြားမြို့တို့ကို စစ်ကောင်စီက ဖေဖော်ဝါရီလ ၅ ရက်၊ နံနက်ပိုင်းတွင် လေကြောင်းအသုံးပြု၍ လာရောက်ဗုံးကြဲ တိုက်ခိုက်ခဲ့ကြောင်း ဒေသခံထံမှ စုံစမ်းသိရှိရသည်။
“မနက် ၉နာရီလောက်က ကြဲတာ။ ဂျက်ဖိုက်တာရော ရဟတ်ယာဉ်ရော နှစ်ခုလုံးနဲ့ လာကြဲသွားတယ်။ အကြိမ်အရေအတွက်ကတော့ ၁၀ ကြိမ်ထက်တော့ မနည်းဘူး။ မြို့ပေါ်တွေကိုတော့ အဓိက ကြဲသွားတယ်။ နောက်ပြီး ရက္ခိုင့်တပ်တော်က တပ်ဖွဲ့တွေ ရှိနိုင်မယ်ထင်တဲ့ နေရာတွေကိုလည်း ကြဲသွားသေးတယ်”ဟု မင်းပြားမြို့ခံတစ်ဦးက ပြောသည်။
Mi 35 နှင့် Su-30 လေယာဉ်များဖြင့် မင်းပြားမြို့ပေါ်နှင့် တောင်တန်းများပေါ်သို့ မည်သည့် တပ်ရင်းများက လာရောက်ဗုံးကြဲချသွားသည်ကို မသိရသော်လည်း မင်းပြားမြို့အခြေစိုက် ၃၇၉ တပ်ရင်းနှင့် ၅၄၁ တပ်ရင်းတို့မှ ဖြစ်နိုင်ကြောင်း ၎င်းက ဆက်လက်ပြောသည်။
ရခိုင်ပြည်နယ်အတွင်း ၁၀၂၇ စစ်ဆင်ရေး စတင်ခဲ့ပြီးနောက် စစ်ကောင်စီသည် မင်းပြားမြို့၊ မြောက်ဦးမြို့နှင့် ပေါက်တောမြို့ပေါ်များသို့ လေကြောင်းတိုက်ခိုက်မှုများပြုလုပ်ခဲ့ပြီး ယင်းဒေသခံများအနေဖြင့် ဘေးလွတ်ရာသို့ တိမ်းရှောင်နေရကြောင်း ဒေသခံများက ဆိုသည်။
“၃၈၀တပ်ရင်းကို တပ်တော်က သိမ်းပြီးသွားတော့ ကျန်တဲ့ တပ်ရင်းနှစ်ခုက ပေါင်းပြီးတော့ ပြန်တိုက်မယ်ဆိုတဲ့ သတင်းတွေတော့ ကြားတယ်။ အဲ့ဒါ ကြားပြီး မကြာဘူး အခု မြို့ပေါ်ကို ဗုံးကြဲသွားတာ။ အိမ်တွေ မီးလောင်သွားတယ်လို့တော့ သိရတယ်။ ဘယ်လောက်ထိ ပါသွားလဲတော့ မသိရဘူး”ဟု ဘေးလွတ်ရာ တိမ်းရှောင်နေသော မင်းပြားမြို့ခံတစ်ဦးက ပြောသည်။
စစ်ကောင်စီ၏ မင်းပြားမြို့ အခြေစိုက် ခမရ ၃၇၉၊ ၃၈၀ နှင့် ၅၄၁ တပ်ရင်းတို့ကို ရက္ခိုင့်တပ်တော်က ပြီးခဲ့သည့် နိုဝင်ဘာလ ၁၃ ရက်မှ စတင်ကာ ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ပြီး ဇန်နဝါရီလ ၂၈ ရက်တွင် ခမရ ၃၈၀ တပ်ရင်းကို အပြီးသတ် သိမ်းပိုက်ရရှိထားသည်။
ယင်းတပ်ရင်းများသည် ရခိုင်ပြည်နယ်အတွင်း ဖြစ်ပွားလာသည့် တိုက်ပွဲကာလတစ်လျှောက် ဒေသခံများအား နည်းမျိုးစုံဖြင့် ဒုက္ခပေးနေသောတပ်ရင်းများဖြစ်သည့်အပြင် လက်နက်ကြီးများဖြင့် ပစ်ခတ်မှုကြောင့် အရပ်သားပြည်သူ သေဆုံးမှုများလည်း ရှိကြောင်း ဒေသခံများထံက သိရသည်။
မြောက်ဦးမြို့ခံတစ်ဦးကလည်း “မြောက်ဦးမှာ ဗုံးကြဲသွားတယ်။ မနက်ပိုင်းကပဲ ကြဲသွားတာ။ သူတို့ ကြဲသွားတဲ့ နေရာတွေက အေအေရှိမယ်ထင်တဲ့ နေရာတွေကို ကြဲတာ။ မြို့ပေါ်ကိုတော့ ကြဲတာမဟုတ်ဘူး”ဟု ပြောသည်။
မင်းပြားမြို့သို့ ဗုံးကြဲချသွားသည့် စစ်ကောင်စီ၏ လေကြောင်းသည် မြောက်ဦးမြို့ကိုပါ ဗုံးကြဲချသွားခြင်းဖြစ်နိုင်ကြောင်း ၎င်းကဆက်လက်ရှင်းပြသည်။
မြောက်ဦးတွင်လည်း စစ်ကောင်စီနှင့် ရက္ခိုင့်တပ်တော်တို့ နှစ်ဖက်တိုက်ပွဲများ ပြင်းပြင်းထန်ထန် ဖြစ်ပွားနေပြီး ပြီးခဲ့သည့် ဖေဖော်ဝါရီ ၂ ရက်က မြောက်ဦးအခြေစိုက် စစ်ကောင်စီ၏ ခမရ (၅၄၀)တပ်ရင်းကို ရက္ခိုင့်တပ်တော်က သိမ်းပိုက်ရရှိထားသည်။