စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်တွင် စစ်ကောင်စီတပ်၏ စစ်ကြောင်းထိုးနေမှုများနှင့် လေကြောင်းတိုက်ခိုက်မှုများကြောင့် ကျေးရွာ ၂၀ ကျော်မှ ဒေသခံပြည်သူများ ရှောင်တိမ်းနေရကြောင်း သိရသည်။
အင်အား ၁၃၀ ဝန်းကျင်ပါသည့် စစ်ကောင်စီစစ်ကြောင်းသည် ဖေဖေဝါရီ ၁ ရက်မှစတင်၍ ကန့်ဘလူမြို့နယ်အတွင်းရှိ ကျေးရွာများကို မီးရှို့ဖျက်ဆီးကာ စစ်ကြောင်းထိုးနေခြင်းဖြစ်ကြောင်း ကန့်ဘလူကျွန်းလှတက်ကြွလှုပ်ရှားသူများအဖွဲ့၏ တာဝန်ရှိသူတစ်ဦးက ပြောသည်။
“ ဒီတစ်ပတ်အတွင်းမှာပဲ မီးရှို့ဖျက်ဆီးခံရတာ ၃ ရွာရှိပါပြီ၊ ပေလည်ရွာဆိုရင် နေအိမ် ၆ လုံးနဲ့ စပါးတိုက် ၄ လုံး ဖျက်ဆီးခံရရတယ်၊ အခုကတော့ စစ်ကြောင်းက တစ်ကြောင်းတည်းနဲ့ ထိုးနေတာပါ” ဟု ၎င်းကရှင်းပြသည်။
ထို့ပြင် ဖေဖော်ဝါရီ ၁ ရက်တွင် ကိုးတောင်ဘို့တိုက်နယ်၊ ချပ်သင်းတိုက်နယ်၊ ပင့်သာတိုက်နယ်အတွင်းရှိ ကျေးရွာ (၆) ရွာအား တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ လေကြောင်းတိုက်ခိုက်မှုများ ပြုလုပ်ခဲ့ခြင်းကြောင့် ဘုန်းကြီးကျောင်းတစ်ကျောင်း၊ နေအိမ် (၅) လုံး ပျက်စီးကာ ဒေသခံပြည်သူ (၅)ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
“ ပွဲလမ်းသဘင်လုပ်ပြီး လူစုဝေးလုပ်နေတဲ့အချိန် ပစ်သွားတာ မဟုတ်ဘဲ အကြောင်းမဲ့ ပစ်ခတ်သွားတာပါ၊ ဘုန်းကြီးကျောင်းရော စေတီရော ပျက်စီးသွားတယ်၊ သာသနိက အဆောက်အုံမှန်း သိသိကြီးနဲ့ ပစ်သွားတာကတော့ ဗုဒ္ဓဘာသာဝင်တစ်ယောက်အနေနဲ့ အတော်လေး စိတ်မကောင်း ဖြစ်မိတယ် “ ဟု သင်တောကျေးရွာတွင်နေထိုင်သည့် ဒေသခံပြည်သူတစ်ဦးက ပြောသည်။
ကန့်ဘလူမြို့နယ်တောင်ခြမ်း၊ ထန်းကုန်းတိုက်နယ်အတွင်းရှိ ရှမ်းတပ်ကျေးရွာတွင် ပြီးခဲ့သည့် ဖေဖော်ဝါ ၃ ရက်၊ နံနက် ၆ နာရီအချိန်တွင် စိတ်ကျန်းမာရေးမကောင်းသည့် အမျိုးသားတစ်ဦးအား စစ်ကောင်စီတပ်ဖွဲ့ဝင်များက နေအိမ်ထဲတွင် မီးရှို့သတ်ဖြတ်ခဲ့သေးကြောင်း ဒေသခံများကဆိုသည်။
လက်ရှိတွင် လေကြောင်းတိုက်ခံခဲ့ရသည့် ကန့်ဘလူမြို့နယ်မြောက်ခြမ်းနှင့် စစ်ကြောင်းထိုးနေသည့် တောင်ခြမ်းရှိ ကျေးရွာ ၂၀ ကျော်က ဒေသခံပြည်သူ ၃ သောင်းဝန်းကျင်မှာ ဘေးလွတ်ရာသို့ တိမ်းရှောင်နေရကြောင်းသိရသည်။