ရှမ်းပြည်နယ်မြောက်ပိုင်းတွင် တစ်လအတွင်း မြေမြှုပ်မိုင်းကြောင့် အရပ်သား ၁ဦးသေဆုံးပြီး ၂၅ ဦးဒဏ်ရာရရှိခဲ့ကြောင်း ဒေသခံများထံမှ စုံစမ်းသိရှိရသည်။
၁၀၂၇ စစ်ဆင်ရေး ယာယီရပ်ဆိုင်းပြီးနောက် ရှမ်းပြည်နယ်မြောက်ပိုင်းရှိ မူဆယ်၊ နမ့်ခမ်း၊ လားရှိုး၊ သီပေါ၊ နမ္မတူ၊ နမ့်ဆန်၊ မန်တုံနှင့် ကိုးကန့်ဒေသတို့၌ မြေမြှုပ်မိုင်းကြောင့် ဇန်နဝါရီ လအတွင်း ပြည်သူများ သေဆုံးခြင်းနှင့် ထိခိုက်ဒဏ်ရာရရှိခြင်းများဖြစ်ပေါ်ခဲ့ခြင်းဖြစ်သည်။
“တိုက်ပွဲငြိမ်သွားတော့ တစ်မျိုးအေးချမ်းသွားပေမယ့်၊ လူထုတွေက မိုင်းအန္တရာယ်ကြောက်နေရတယ်။ လယ်ယာ၊ တောင်ယာ၊ အလုပ်ခွင်ထဲမသွားရဲကြဘူး။ ဒါကလည်း ဒုက္ခတစ်မျိုးပါဗျာ”ဟု မူဆယ်မြို့ခံတစ်ဦးက ပြောသည်။
ထိုကဲ့သို့ မြေမြှုပ်မိုင်းများကြောင့် နမ့်ခမ်းမြို့တွင် အမျိုးသမီး ၁ဦးသေဆုံးပြီး၊ သီပေါမြို့တွင် အမျိုးသား ၄ဦးနှင့် အမျိုးသမီး ၁ဦး၊ နမ္မတူမြို့တွင် အမျိုးသား ၃ဦး၊ နမ့်ဆန်မြို့တွင် အမျိုးသား ၁ဦး၊ မန်တုံမြို့တွင် အမျိုးသား ၁ဦး၊ လားရှိုးမြို့တွင် အမျိုးသား ၃ဦးနှင့် အမျိုးသမီး ၂ဦး၊ ကိုးကန့်တွင် ၃ဦးနှင့် မူဆယ်မြို့တွင် အမျိုးသား ၇ ဦးထိခိုက်ဒဏ်ရာရရှိခဲ့ခြင်းဖြစ်သည်။
အဆိုပါ မြေမြှုပ်မိုင်းများသည် မြောက်ပိုင်းညီနောင် သုံးဖွဲ့နှင့် စစ်တပ်တို့ တိုက်ပွဲဖြစ်ပွားခဲ့သည့် နေရာများနှင့် စစ်တပ်စခန်းအနီးရှိ ကျေးရွာများ၌ မြေမြှုပ်မိုင်းများ ပေါက်ကွဲခဲ့ခြင်းကြောင့် ပြည်သူများ ထိခိုက်ဒဏ်ရာရရှိခဲ့ခြင်းလည်းဖြစ်သည်။
“မြို့သိမ်းတိုက်ပွဲပြီးပြီဆိုပေမဲ့ ပြန်လည်ပြုပြင်ရမှာ အများကြီးရှိတယ်။ အိမ်ကော၊ ဘုန်းကြီး ကျောင်းတွေကော၊ လမ်းကောပေါ့၊ ဒါပေမဲ့ အဓိကအရေးကြီးဆုံးအရင်လုပ်ရမှာက မိုင်း၊ လက်နက်အကြွင်းအကျန်တွေ ရှင်းပေးရမယ်”ဟု မူဆယ်မြို့ခံ အမျိုးသမီးတစ်ဦးက ပြောသည်။
မြန်မာနိုင်ငံတွင် စစ်အာဏာသိမ်းပြီးနောက် မိုင်းနှင့် ပေါက်ကွဲတတ်သည့် စစ်လက်နက်ပစ္စည်းအကြွင်းအကျန်များကြောင့် ထိခိုက်သေဆုံးသူ (၁,၃၀၀)ကျော်အထိ ရှိနေကြောင်း Landmine & Cluster Munition Monitor အဖွဲ့က ယမန်နှစ် ဒီဇင်ဘာ ၂၈ ရက်တွင် ထုတ်ပြန်ထားသည်။