PDF တို့ တိုက်ခိုက်မည်စိုးသဖြင့် မြင်းခြံမြို့နယ်၊ စံပြကျေးရွာအတွင်းရှိ စစ်သားအလောင်းများ ကို ပြည်သူများအား ကောက်ယူခိုင်းခဲ့ကြောင်း သိရသည်။
စစ်သားအင်အား ၁၅ ဝန်းကျင် တပ်စွဲထားသော မန္တလေးတိုင်း၊စံပြရွာ စာသင်ကျောင်းကို ဖေဖေါ်ဝါရီ ၂ရက်၊ညနေ ၄နာရီခွဲခန့်တွင် ဒေသခံPDF များက ဝင်ရောက်တိုက်ခိုက်ခဲ့ပြီးနောက် စစ်ကူလာသော ကားများကိုလည်း ကြားဖြတ်တိုက်ခိုက်ခဲ့ရာ စစ်သား၁၅ဦးထက်မနည်း သေဆုံးခဲ့ကြောင်း Natogyi People Defense Force ထံက သိရသည်။
“ အလောင်းတွေ ပြန်မကောက်ရဲလို့ ပြည်သူတွေကို ခေါ်ပြီးကောက်ခိုင်းတယ်။ မိုင်းထောင်ခဲ့မှာကြောက်လို့ထင်တယ်” ဟု ဒေသခံတစ်ဦးကပြောသည်။
စံပြရွာ စာသင်ကျောင်းအတွင်း စစ်သား ၁၀ဦးခန့်သေဆုံးခဲ့ပြီး ယင်းစစ်သားတို့၏အလောင်းများကို ဒေသခံများအား ကောက်ခိုင်းခြင်းဖြစ်သည်။
“ စာသင်ကျောင်းထဲမှာချည်းကို သူတို့ဘက်က ၁၀လောင်းလောက်တွေ့တယ်လို့ မျက်မြင်ပြည်သူတွေဆီကနေသိရတယ်။ လက်နက်ကောက်ဖို့ စစ်တပ်နဲ့လည်း နီးနေတော့ သိပ်အဆင်မပြေတော့ ၄လက်ပဲကောက်ခဲ့နိုင်တယ်” ဟု Natogyi People Defense Force တာဝန်ခံကပြောသည်။
စံပြရွာ၌ တိုက်ပွဲဖြစ်ပွားနေစဉ် မြင်းခြံ ခမရ( ၁၅)မှ စစ်ကူလာသော ကား ၈စီးကို စံပြရွာအနောက်ဘက်၌ PDF တပ်တို့က ကြားဖြတ်တိုက်ခိုက်ခဲ့ရာ ထိခိုက်သေဆုံးမှုများကြောင်း ၎င်းကဆက်ပြောသည်။
“ အင်အား ၁၅၀လောက်နဲ့ထွက်လာတယ်။ ရှေ့ပြေးကားတွေ အရင်လွှတ်တယ်။ လူတွေက ခြေလျင်ဖြန့်လိုက်တယ်။ ကားတွေကို ကျနော်တို့က လက်နက်ကြီး၊လက်နက်ငယ် အစုံနဲ့ပစ်ခတ်တာ ထပ်ပြီးတိုက်ပွဲဖြစ်တာ။ အထိအခိုက်များတယ်လို့တော့ သိရတယ်။ ပြည်သူကလည်းတစ်ယောက်မှ မကပ်ရဲတော့ကျ အဲ့သေဆုံးမှုက တအားအတည်ပြုလို့မရဘူး။ ကားတစ်စီးပေါ်ကတော့ မကျန်သလောက်ဖြစ်သွားတယ်လို့ပြောတယ်” ဟု ၎င်းကဆက်ပြောသည်။
စံပြရွာ စာသင်ကျောင်းတိုက်ခိုက်မှုမှ MA 1 သေနတ်၃လက်နှင့် ကာဘိုင် ၁လက် သိမ်းဆည်းရရှိခဲ့ပြီး Myingyan black Tiger အဖွဲ့မှ ရဲဘော်တစ်ဦးကျဆုံးခဲ့ကာ ရုပ်အလောင်းပြန်မရခဲ့ကြောင်း သိရသည်။
စံပြရွာသည် မြင်းခြံမြို့နှင့် ၄မိုင်ဝန်းကျင်သာဝေးပြီး မြင်းခြံမြို့ကို PDFတပ်ဖွဲ့များ ဝင်ရောက်တိုက်ခိုက်မည်စိုးသဖြင့် ယင်းရွာ၌ စစ်ကောင်စီတပ် အထိုင်ချတပ်စွဲထားခြင်းဖြစ်ကြောင်းသိရသည်။
ပကဖ၊ နွားထိုးကြီးမြို့နယ်ပကဖ၊ ဗိုလ်စားပြောက်ကျားတပ်ဖွဲ့နှင့် ဗိုလ်စင်္ကြာပြောက်ကျားတပ်ဖွဲ့တို့ ပူးပေါင်းဆင်နွှဲခဲ့ခြင်းဖြစ်သည်။
စစ်သားများ သေဆုံးမှုအပေါ် MPA အနေနှင့်သီးခြားအတည်မပြုနိုင်ပေ။