စစ်ကိုင်းတိုင်း၊ ကောလင်းမြို့ကို စစ်ကောင်စီတပ်က တိုက်ခိုက်ရန် ပြင်ဆင်နေသည်ဆိုသော သတင်း အရ ဒေသခံ သောင်းနှင့်ချီ နေရပ်စွန့်ခွာ တိမ်းရှောင်ကြပြီဖြစ်ကြောင်း သိရသည်။
ကောလင်းမြို့ကို စစ်ကောင်စီတပ် က တိုက်ခိုက်ရန် ပြင်ဆင်နေသဖြင့် ကောလင်းမြို့တွင်းနှင့်ကောလင်းမြို့အနီး ကျေးရွာများမှဒေသခံများအနေနှင့် ဘေးကင်းလုံခြုံသည့် နေရာသို့ အမြန်ဆုံးပြောင်းရွှေ့ရန် ဖေဖေါ်ဝါရီ၁ရက်တွင် အရေးပေါ်အုပ်ချုပ်မှုဆိုင်ရာ ခရိုင်ပေါင်းစပ်ညှိနှိုင်းရေးအဖွဲ့က ထုတ်ပြန်ခဲ့သည်။
“စာထုတ်ပြီးမှတော့ မဟုတ်ဘူး။ စာမထုတ်ခင်ကစလို့ စစ်တပ်က ပြန်တိုက်မယ်ကြားရတော့ အရင်ကြိုရှောင်တဲ့သူတွေကရှောင်တယ်။ အခုလို စာထုတ်တော့ ပြေးကြရှောင်ကြပြီလေ၊ ဘယ်လိုလုပ် နေရဲတော့မလဲ” ဟု ကောလင်းအခြေစိုက် စစ်ရှောင်ကူညီပေးနေသည့် Helping Hands အဖွဲ့၏ တာဝန်ရှိသူက ပြောသည်။
ကောလင်းမြို့ပေါ်နေ ဒေသခံအချို့မှာမူ ပစ္စည်းများသိမ်းယူသယ်ဆောင်လျက်ရှိပြီး ယနေ့ (ဖေဖေါ်ဝါရီ ၂ ရက်)ညနေ ၄နာရီအထိ မပြီးစီးသေးကြောင်း သိရသည်။
“ တချို့က သားသမီးတွေရှိရာ ဖားကန့်၊မန္တလေးစသဖြင့် သွားကြတယ်။ အများစုက အဲလို မသွားနိုင်ကြဘူး။ ပြည်သူဆိုတာ ရန်သူမဟုတ်ဘူး။ ဘယ်အဖွဲ့နဲ့ ဖြစ်ဖြစ် ပြည်သူက ခံရတာပဲလေ။ သတ်မှတ်နေရာဇုန်လေး သတ်မှတ်ပေးပြီး ဘေးကင်းကင်းနဲ့ ထားရင် ကောင်းမယ်။အခုတော့ ကိုယ့်အသက်မသေဖို့အရေး ကြောက်ကြောက်လန့်လန့်နဲ့ လွတ်ရာကို ရှောင်နေရတယ်” ဟု၎င်းက ပြောသည်။
ကောလင်းမြို့၏မြောက်ဘက် ဝန်းသိုမြို့နယ်အခြေစိုက် ခမရ – ၁၁၁ သို့ လေယာဉ်ဖြင့် စစ်သားအင်အား ၅၀၀ ကျော် ဖြည့်ထားပြီး ကန့်ဘလူတင့်ကားတပ်ရင်း ၆၀၀၆ သို့လည်း စစ်သား အင်အား ၆၀၀ကျော် ဖြည့်ကာ ကောလင်းမြို့ကို ၂ ဖက်ညှပ်၍ ထိုးစစ်ဆင်ရန် ပြင်ဆင်နေကြောင်း သတင်းထွက်ပေါ်လျက်ရှိသည်။
“ အကြမ်းဖက်စစ်တပ်အနေနဲ့ သူတို့ရဲ့ အဝီစိအထိကျဆင်းနေတဲ့ မရှိမဲ့ရှိမဲ့ သိက္ခာတွေကို အဖက်ဆယ်ဖို့ ကောလင်းကို ပြန်လည်သိမ်းယူဖို့ အင်အားအလုံးအရင်းနဲ့ အတင်းအကျပ်စေလွှတ်ထားတာ။ ကြိုးစားတာ ထင်သလောက်လွယ်မှာမဟုတ်ဘူး။ ပြန်လည် ဆုတ်ခွာသွားနိုင်ခြေရှိတယ်” ဟု စစ်ကိုင်းဖိုရမ်ဖြစ်မြောက်ရေးအဖွဲ့၊ အဖွဲ့ဝင် ကိုနေ့သစ်က ပြောသည်။
ကောလင်းမြို့အနီးရှိ ကျောက်ကာ၊ပန်းတင်၊တာ၊၊ညောင်ပင်သာ စသည့် ကျေးရွာတို့မှ ဒေသခံများ လည်း တိမ်းရှောင်နေကြပြီဖြစ်ကြောင်းသိရသည်။
ကောလင်းမြို့ကို ၂၀၂၃ခုနှစ်၊နိုဝင်ဘာ၆ရက်တွင် တော်လှန်ရေးတပ်ဖွဲ့များက တိုက်ခိုက်သိမ်းပိုက်ခဲ့ ခြင်းဖြစ်သည်။