လားရှိုးမြို့ခံ ပြည်သူ ၃၀၀ ကို စုဆောင်းပြီးနောက် စစ်ကောင်စီက သင်တန်းပေးနေကြောင်း ခိုင်လုံသည့် သတင်းရင်းမြစ်ထံမှ စုံစမ်းသိရှိရသည်။
ပြီးခဲ့သည့် ၂၀၂၃ခုနှစ်၊ ဒီဇင်ဘာလမှ စတင်ကာ ပြည်သူ့စစ်အဖြစ်ဖွဲ့စည်းရန် လားရှိုးမြို့ခံများကို ပိုက်ဆံပေးစည်းရုံးခဲ့ ခြင်းဖြစ်ပြီး၊ ၁၂ရပ်ကွက်ရှိ မိုးလုံလေလုံ အားကစားခန်းမ၌ စစ်သင်တန်းပေးနေခြင်းလည်းဖြစ်သည်။
“တစ်ယောက်ကို ၃ သိန်းပေးမယ်ပြောပြီးခေါ်တယ်။ တစ်ချို့ကတော့ အလုပ်အကိုင်အဆင်မပြေ၊ အလုပ်လည်းမရှိတဲ့သူတွေ သွားလုပ်ကြတယ်။ တစ်ချို့ကတော့ အတင်းအဓ္ဓမခေါ်ခံရတာ”ဟု ခိုလုံသည့် သတင်းရင်းမြစ်ကပြောသည်။
ထိုကဲ့သို့ စစ်ကောင်စီက ပြည်သူ့စစ်အဖြစ် ခေါ်ဆောင်ထားသူအများစုသည် အလုပ်အကိုင်မရှိသူ၊ သူခိုး၊ ဓားပြ နှင့် မူးယစ်ဆေးဝါး သုံးစွဲသူများ အများဆုံးပါဝင်ကြောင်း လားရှိုးမြို့ခံ အမျိုးသားတစ်ဦးကပြောသည်။
“ပြည်သူ့စစ်ဆိုတာ ဘာလဲဆိုတာ သိရင်ဘယ်သူမှ လုပ်မှာမဟုတ်ဘူး။ သိန်းရာချီပေးတောင်မှ လုပ်မယ့်သူမရှိဘူး။ အခုက မူးယစ်ဆေးဝါသုံးတဲ့သူ၊ သူခိုးတွေပဲများတာ”ဟု လားရိူ့မြို့ခံ အမျိုးသားတစ်ဦးက ပြောသည်။
စစ်တပ်အာဏာသိမ်းပြီးနောက် မြန်မာနိုင်ငံအနှံတွင် ခုခံတွန်းလှန်စစ်များဖြစ်ပွားခဲ့ပြီးနောက် စစ်တပ်အင်အား အများအပြားဆုံးရှုံးနေရသဖြင့် ပြည်သူ့စစ်အမည်ခံကာ တပ်သားသစ်များ စုဆောင်းနေခြင်းလည်းဖြစ်သည်။