မကွေးတိုင်း၊ ဆိပ်ဖြူမြို့နယ်၊ ကျွန်းတောရွာကို စစ်ကောင်စီတပ်က ၂ရက်ဆက်တိုက် မီးရှို့ခဲ့ပြီး ဒေသခံ ၂ဦးကိုလည်း သတ်ခဲ့ကြောင်း သိရသည်။
ဇန်နဝါရီ၂၈ရက်က စစ်သားများလိုက်ပါလာသော ကားတစ်စီးကို ဆော-ဆိပ်ဖြူကားလမ်းပေါ်တွင် ဒေသခံတော်လှန်ရေးတပ်ဖွဲ့များက မိုင်းဆွဲခဲ့ပြီးနောက် အနီးရှိ ကျွန်းတောရွာထဲသို့ စစ်သားများ ဝင် ရောက်အကြမ်းဖက်ခြင်းဖြစ်ကြောင်း ဒေသခံအချို့ထံက သိရသည်။
“ လမ်းပေါ်မှာ သူတို့စစ်သားတွေပါတဲ့ကားမိုင်းဆွဲခံရပြီးတော့ လမ်းနဲ့နီးတဲ့ ရွာကို သူတို့အင်အားသုံးပြီးသေနတ်တွေပစ်ဝင်လာတာ။ ရွာသားတွေအကုန် ခါးဝတ်ခါးစားတွေနဲ့ပြေးရတာပဲ။ ဘာမှမပါလာဘူး။ ထမင်းတစ်နပ်စာ၊နှစ်နပ်စာပဲပါလာတယ် “ ဟု ကျွန်းတောရွာသားတစ်ဦးကပြောသည်။
စစ်ကောင်စီတပ်သည် ဇန်နဝါရီ ၂၈ရက်၊ ညနေပိုင်းတွင် ပထမအကြိမ်မီးရှို့ခဲ့ပြီး ဇန်နဝါရီ၂၉ ရက် တွင်လည်း ထပ်မံ မီးရှို့ခဲ့ရာ မီးလောင်ပျက်စီးသည့် နေအိမ်အရေအတွက်ကိုမူ အတည်မပြုနိုင်သေးပေ။
“ ခုသူတို့က ရွာထဲမှာကင်းပုန်းတွေ ချန်ထားတော့ ဘယ်သူမှမကပ်ရဲဘူး။ ဘယ်သူမှမပြန်ရဲသေးပါ ဘူး။ အသတ်ခံထားရတဲ့ ၂ယောက်အလောင်းကိုတောင်သွားမကောက်နိုင်သေးဘူး။ သွားကောက်ဖို့ လုပ်ပေမယ့် ကင်းပုန်းတွေက သေနတ်တွေနဲ့ပစ်လို့ ပြန်ပြေးခဲ့ရတယ် “ ဟု ဒေသခံPDF နှင့် နီးစပ်သူ တစ်ဦးကပြောသည်။
ဇန်နဝါရီ၂၉ရက်၊နံနက်၁၀နာရီခန့်တွင် စစ်သားများ ကျွန်းတော ရွာထဲသို့ ထပ်မံဝင်ရောက်လာချိန်၌ ရွာထဲ ရောက်နေသော ဒေသခံအမျိုးသား၂ဦး အသတ်ခံလိုက်ရခြင်းဖြစ်သည်။
ကျွန်းတောရွာမြောက်ဘက်တွင် အသက်၃၅နှစ်အရွယ်ရှိ အမျိုးသားတစ်ဦး ခေါင်းဖြတ်အသတ်ခံထား ရပြီး ရွာတောင်ပိုင်း၌လည်း ရွာသားတစ်ဦး အသတ်ခံထားရကြောင်း ၎င်းကပြောသည်။
ကျွန်းတောရွာနေ ပြည်သူ ၁၀၀၀ကျော်တို့မှာ ယနေ့(ဇန်နဝါရီ၃၁ရက်)ညနေပိုင်းအထိ ထွက်ပြေး တိမ်းရှောင်နေရဆဲဖြစ်သည်။