ဂန့်ဂေါမြို့နယ်၊ မြောက်ခင်ရန်းကျေးရွာတွင်နေထိုင်သည့် ဒေသခံ ၁၅ ဦးသည် ဇန်နဝါရီ ၃၀ ရက်တွင် ရွာမှထွက်ပြေးလာခဲ့ပြီးနောက် စစ်ကောင်စီတပ်က ရွာအပြင်ဘက်တွင်ထောင်ထားသောမိုင်းနင်းမိ၍ ဒေသခံတစ်ဦး သေဆုံးသွားကြောင်း သိရသည်။
“ အဓိကကတော့ စားနပ်ရိက္ခာလည်း တော်တော်လေး ပြတ်တောက်နေတယ်လို့ ကြားတယ်။ အထဲမှာ တော်တော်လေးငတ်ကြတာဖြစ်တဲ့အတွက် သူတို့က စားနပ်ရိက္ခာတွေ အဆင်ပြေတဲ့ ဒီဘက်တွေမှာလည်း အချိတ်အဆက်တွေ ရှိတယ်ဆိုတော့ လွတ်လွတ်လပ်လပ်နေရတဲ့ဆီ ထွက်ခဲ့တာပေါ့” ဟု နှမ်းခါးလူငယ်အဖွဲ့က ကိုနွေဦးက ဆိုသည်။
စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် ပျူစောထီးများက ဒေသခံပြည်သူများကိုကျေးရွာအတွင်း မတရားပိတ်လှောင်ထားသည့်အပြင် ရွာမှထွက်ပြေးသွားမည်ကို စိုးရိမ်သဖြင့် ရွာအပြင်ပတ်ချာလည်တွင် မိုင်းများထောင်ထားကြောင်းသိရသည်။
“ စစ်အုပ်ချုပ်မှုအောက်ကို မနေချင်တော့ဘဲ လွတ်မြောက်တဲ့ဘက်ကိုထွက်လာတာကို မထွက်စေအောင် မိုင်းတွေကာထားတာပေါ့ သူတို့ရွာထဲမှာ။ မိန်းကလေးတစ်ယောက်မိုင်းမိပြီး ခြေထောက်နှစ်ဖက်လုံး ပြတ်သွားတယ်။ အသက်ကယ်ဖို့သွားပေမဲ့ အချိန်မမီလိုက်ဘူး” ဟု ကိုနွေဦးကဆိုသည်။
မိုင်းနင်းမိ၍ သေဆုံးသွားခဲ့သည့် အမျိုးသမီးသည် ကျန်ရစ်ခဲ့သော ကလေးငယ်များအပါအဝင် မြောက်ခင်ရန်းမှထွက်လာသည့် ဒေသခံများကို နီးစပ်ရာဆွေမျိုးများထံသို့ ချိတ်ဆက်ပို့ဆောင်ပေးခြင်း၊ ဘေးလွတ်ရာဒေသများသို့ နေရာပေးခြင်း၊ စားဝတ်နေရေးအကူအညီများပေးအပ်ခြင်းတို့ကို မြို့နယ်ပအဖ၏ စီမံဆောင်ရွက်မှုဖြင့် လုပ်ဆောင်ပေးထားကြောင်း ၎င်းကဆက်လက်ပြောသည်။
“ ပျူစောထီးရွာတွေက ဒီလို မိုင်းတွေကာထားပြီး ပြည်သူလူထုတွေကို အထဲမှာ ပိတ်လှောင်ထားပြီးတော့မှ သွားချင်တဲ့လွတ်လပ်မှုကို မပေးဘဲပိတ်လှောင်ထားတာ။ အဲ့ဒီလိုတွေ လုပ်တာဖြစ်တဲ့အတွက် ပြေးခဲ့ရတဲ့ ပြည်သူတွေ အလကားနေရင်း အသက်ဆုံးရှုံးရတာပေါ့” ဟု ကိုနွေဦးက ဆိုသည်။
စစ်ကောင်စီတပ်က ကျေးရွာအဝင်၊ အထွက်သွားလာမှုများအား ကန့်သတ်တားမြစ်ထားခြင်းကြောင့် ပို့ဆောင်ဆက်သွယ်ရေးနှင့် ကူးသန်းရောင်းဝယ်ရေးများ ရပ်တန့်နေသဖြင့် ကျေးရွာအတွင်းမှ ပြည်သူများမှာ စားဝတ်နေရေးခက်ခဲကျပ်တည်းနေကြကြောင်းသိရသည်။
“ အကုန်ခက်ခဲပါတယ်။ စပါးတွေ၊ နှမ်းတွေလည်းမရောင်းရဘူး။ အဓိကတော့ ဆား၊ ငါးပိကစလို့ ကုန်တွေ၊ ရိက္ခာတွေ ပြတ်နေပြီ။ ဘယ်ကမှမဝင်တော့ဘူးလေ” ဟု မြောက်ခင်ရန်းကျေးရွာက ရှောင်ထွက်လာသူတစ်ဦးကဆိုသည်။
မြောက်ခင်ရန်းပျူစောထီးကျေးရွာသည် အိမ်ခြေ ၂၀၀၀ နီးပါးရှိသည့် ရွာကြီးတစ်ရွာဖြစ်ပြီး ၂၀၁၀ ခုနှစ်၊ ကြံ့ခိုင်ရေးလွှတ်တော်အမတ်ဟောင်း ဘူးလက်လှဆွေ၏ အမာခံကျေးရွာဖြစ်သည်။
ပြီးခဲ့သည့် ၂၀၂၂ ခုနှစ်၊ နှစ်စပိုင်းကလည်း ကျေးရွာအတွင်း ပျူစောထီးတပ်ဖွဲ့စည်းခြင်းကို မလိုလားသည့် ဒေသခံပြည်သူ ၄၀၀ ကျော် မြောက်ခင်ရန်းကျေးရွာမှထွက်ခွာခဲ့ဖူးသည်။