မြန်မာနိုင်ငံအတွင်းရှိ အကျဥ်းထောင်များတွင် ဆေးဝါးမလုံလောက်မှု၊ ဆေးကုသမှုလုံလောက်စွာမရရှိမှု၊ အာနိသင်နည်းသော ဆေးအညံ့စားများကိုသာ ရရှိမှုတို့ကြောင့် အကျဥ်းသားများ မကြာခဏအသက်ဆုံးရှုံးနေရကြောင်း အကျဥ်းထောင်အတွင်းမှ ပြန်လည်လွတ်မြောက်လာသူများက ဆိုသည်။
“ အဓိကက ဆေးဝါးမလုံလောက်ဘူး။ တစ်ခုခုဖြစ်ပြီဆိုရင် အိမ်ကနေပဲ ဆေးတွေမှာနေရတာ။ အကိုတို့ဖြစ်တဲ့ရောဂါနဲ့ ထောင်မှာရှိတဲ့ဆေးနဲ့က ကိုက်ညီမှုမရှိဘူး။ မဆုံးသင့်ဘဲ ဆုံးသွားတဲ့လူတွေရှိတယ်။ ၄၄ လမ်း ကေ့စ် က ညီလေး မင်းဟိန်းခန့်ဆိုလည်း အစာအိမ်ရောဂါနဲ့ဆုံးတယ်လို့ကြားတယ်” ဟု အင်းစိန်အကျဉ်းထောင်က ပြန်လည်လွတ်မြောက်လာသော နိုင်ငံရေးအကျဥ်းသားတစ်ဦးကဆိုသည်။
အကျဉ်းထောင်က ထုတ်ပေးသော ဆေးဝါးများမှာ BIP က ထုတ်လုပ်သည့်ဆေးဝါးများသာဖြစ်ပြီး ထိုဆေးဝါးများမှာ အာနိသင်ညံ့ဖျင်းသောဆေးဝါးများဖြစ်သောကြောင့် ထောင်ပြင်ပမှတစ်ဆင့် ဆေးဝါးများမှာယူသုံးစွဲရကြောင်း သိရသည်။
“ BPI က ထုတ်တဲ့ဆေးတွေပဲအပေးများတယ်။ စစ်ဆေးရုံကချပေးတဲ့ သူတို့ထုတ်တဲ့ ဆေးတွေပေါ့။ အာနိသင်အနေနဲ့ ထိရောက်မှုအားနည်းတယ်။ တကယ်တမ်းဖြစ်ပြီဆိုရင် အပြင်ကမှာတာပိုကောင်းတယ်။ ဒါပေမဲ့ အပြင်ကမှာတာတွေကျတော့လည်း ကြာတယ်။ ဝန်ထမ်းကနေတစ်ဆင့်မှာရတာ။ သေရေးရှင်ရေးဖြစ်ပြီဆိုရင် ဘာလုပ်လို့ လုပ်ရမှန်းမသိဘူး” ဟု ယခုလအတွင်း လွတ်ငြိမ်းဖြင့်ပြန်လည်လွတ်မြောက်လာသည့် နိုင်ငံရေးအကျဉ်းသားတစ်ဦးက ရှင်းပြသည်။
ထို့ပြင် အရေးပေါ်အခြေအနေများကြောင့် ထောင်ပြင်ပသို့ဆေးဝါးကုသခွင့်မရရှိဘဲ အကျဥ်းထောင်အတွင်းက guest ward တွင်သာထား၍ ကုသပေးပြီး အပြင်ဆေးရုံသို့သွားရောက်ကုသခွင့် refer ရရှိရန် ခက်ခက်ခဲခဲကြိုးစားရကြောင်း အကျဥ်းထောင်နှင့် နီးစပ်သူများထံက စုံစမ်းသိရသည်။
“ သူတို့ပြောတဲ့စကားရှိတယ်။ နိုင်ကျဥ်းတွေသေသွားလည်း သူတို့အတွက်က အပမ်းမကြီးဘူး။ အလုပ်မရှုပ်ဘူး။ ထောင်ထဲမှာ မွေးထားတဲ့ ဝက်တစ်ကောင် သေသွားရင်သာ အလုပ်တွေရှုပ်ပြီးတော့ သူတို့ကအဆင့်ဆင့်တင်ပြရတယ်ဆိုတဲ့ နှိုင်းချက်အရ နိုင်ကျဥ်းတွေအပေါ်မှာ သူတို့ထားတဲ့သဘောထားရပ်တည်ချက်က သူတို့လက်ခုပ်ထဲကရေ။ အဲ့ဒီအတွက်ကြောင့်မလို့ လူ့အခွင့်အရေးကို အဆိုးရွားဆုံးနဲ့အပြင်းထန်ဆုံး ချိုးဖောက်မယ်။ နောက်တစ်ခုက ခေါင်းထောင်ထမလာနိုင်အောင် နိုင်ကျဥ်းတွေကို အကြမ်းဖက်ဖြိုခွင်းမယ်၊ ဖိနှိပ်မယ်။ ဒီလိုပုံစံမျိုးတွေနဲ့ ထောင်အသီးသီးမှာ ပိုပိုတိုးပြီးတော့ သူတို့ လူ့အခွင့်အရေး ချိုးဖောက်လာတာကတော့ ဘယ်လိုမှ ငြင်းလို့မရဘူး” ဟု နိုင်ငံရေးအကျဥ်းသားဟောင်းများအဖွဲ့ ဦးဆောင်ကော်မတီဝင်ဦးထွန်းကြည်က ဆိုသည်။
ထိုကဲ့သို့ အကျဥ်းထောင်အတွင်း ကျန်းမာရေးစောင့်ရှောက်မှု အားနည်းခြင်း၊ အရေးပေါ် ဆေးကုသမှုမပေးခြင်း၊ ထောင်ဝင်စာနှင့် ပါဆယ်များပိတ်ခြင်း၊ မိသားစုမှပေးပို့သော ထောင်ဝင်စာများမှာ ကာယကံရှင်များထံသို့ တင်းပြည့်ကျပ်ပြည့်မရောက်ခြင်းစသည့် လူအခွင့်အရေးချိုးဖောက်မှုများဖြင့်လည်း ရင်ဆိုင်နေရကြောင်း သိရသည်။
ထိုသို့ လူ့အခွင့်အရေးချိုးဖောက်ခံရမှုများကြောင့် အကျဥ်းထောင်အသီးသီးတွင် အကျဥ်းချခံထားရသည့် နိုင်ငံ့အကြီးအကဲများအပါအဝင် နိုင်ငံရေးအကျဥ်းသားများ၏ နေရေး၊ ထိုင်ရေး၊ စားရေး၊ သောက်ရေး၊ ကျန်းမာရေး စသည်တို့ကို စိုးရိမ်မကင်းဖြစ်နေရပြီး အဆိုပါမတရားမှုများအတွက် စစ်ခေါင်းဆောင်နှင့်အခြားပါဝင်ကျူးလွန်သူအားလုံး တာဝန်ပြန်ယူရမည်ဟု ဦးထွန်းကြည်က ဆိုသည်။