MNDAA ကိုးကန့်တပ်ဖွဲ့မှ တပ်သားတစ်ဦးက ဗုဒ္ဓဘာသာ စေတီတော်တစ်ဆူအား တူဖြင့် ထုနေသည့် ရုပ်သံဖိုင်းကို အကြောင်းပြကာ စစ်တပ်ဝါဒဖြန့်သူများက လူမှုကွန်ယက်များကို သုံး၍ လူမျိုးရေး ပဋိပက္ခဖြစ်စေရန် ဆော်သြလျက် ရှိနေကြောင်း သိရသည်။
လောက်ကိုင်မြို့အား ကိုးကန့်တပ်ဖွဲ့ သိမ်းပိုက်ပြီးနောက် ပေါ်ထွက်လာသည့် ရုပ်သံဖိုင်တစ်ခုတွင် MNDAA တပ်သား တစ်ဦးက စောင့်ကြည့်၍ တစ်ဦးက အဆိုပါ ရုပ်သံအား ရိုက်ကူးနေကာ တစ်ဦးကမူ စေတီတော် တစ်ဆူအား တူဖြင့် ထုနှက်ခဲ့ခြင်းဖြစ်သည်။
အဆိုပါ ရုပ်သံဖိုင်အား စစ်လော်ဘီများက လူမှုကွန်ရက်စာမျက်နှာများ၌ ဖြန့်ဝေပြီး လူမျိုးရေး ပဋိပက္ခ ဖြစ်စေနိုင် သည့် အသုံးအနှုန်းများကို သုံး၍ ၀ါဒဖြန့်ချီနေသည်ကို တွေ့ရသည်။
“ Facebook၊ Telegram အကုန်ပွထနေတာပဲ၊ တရုတ်မြန်မာ လူမျိုးရေး မှိုင်းတိုက်နေတယ်။ ဘာသာရေး အကြောင်းပြ လို့ကောင်းတဲ့ Reason လည်း ဖြစ်သွားပုံရတယ်။ ဒီအချိန်မှာ ဒါက သတိထားရမယ့်အရာပဲ” ဟု ရန်ကုန်မြို့ခံ နိုင်ငံရေး လေ့လာစောင့်ကြည့်သူ တစ်ဦးက မှတ်ချက်ပေးသည်။
ယခုဖြစ်စဉ်နှင့်ပတ်သက်ပြီး စစ်တပ်ထောက်ခံသူတစ်ဦးက အချိန်တစ်လ စောင့်ကြည့်ကာ လူမျိုးရေး ပဋိပက္ခဖန်တီး မည်ဟု ခြိမ်းခြောက်ထားသည်။
” အချိန်ယူရတယ်။ ဒေါသနဲ့လုပ်ရင် မှားတတ်တယ်” ဟု အဆိုပါ စစ်တပ်ထောက်ခံသူက ၎င်း၏ Facebook စာမျက်နှာ၌ ရေးသားထားသည်။
ထို့ပြင် ဇန်နဝါရီ ၉ရက်၌ ရဟန်းတော်များ သီတင်းသုံးမှုများသည့် မန္တလေးမြို့ တွင်လည်း အမျိုးသားရေး အစွန်းရောက်များက နေရာသုံးနေရာခွဲ လှည့်လည်ကာ ကန့်ကွက်ရှုံ့ချမှုများ ပြုလုပ်ခဲ့သည်။
“ လူမျိုးရေး မှိုင်းက တိုက်မှာဘဲ၊ ဒါက လူတွေ သွေးဆူလွယ်တာကိုး ” ဟု စစ်ကောင်စီက ဖမ်း၀ရမ်းထုတ်သဖြင့် ထိုင်းနိုင်ငံ မဲဆောက်မြို့၌ တိမ်းရှောင်နေရသူ တစ်ဦးက ပြောသည်။
အဆိုပါ ဖြစ်ရပ်နှင့် ပတ်သတ်ပြီး MNDAA က ၎င်းတို့ အနေဖြင့် ယင်းသို့ ပြုလုပ်ရန် အမိန့်မပေးထားဘဲ ပြုလုပ်သူ၏ ပုဂ္ဂိုလ်ရေး ဆန္ဒသာဖြစ်သည်ဟု ထုတ်ပြန်ထားသည်။
ထို့ပြင် ကိုးကန့်တပ်က ၎င်းတို့ ၏ လက်အောက်ငယ်သားများ စည်းကမ်းဖောက်ဖျက်မှုအတွက် ပြန်၍ တောင်းပန် ထားပြီး လွတ်လပ်စွာ ဘာသာရေးကိုးကွယ်မှုကို လေးစားကြောင်း ဆိုထားသည်။
ထပ်မံ၍ MNDAA က ယခုဖြစ်ရပ်၌ ကျူးလွန်သူတပ်သားအား အရေးယူမည်ဖြစ်ပြီး ဘာသာရေးအဆောက်အအုံ များကို အကာအကွယ်ပေးရန်လည်း ညွှန်ကြားလိုက်သည်ဟု ထုတ်ပြန်ထားသည်။