ရှမ်းပြည်နယ်မြောက်ပိုင်း၊ နမ္မတူမြို့ကို တအာင်းတပ်မတော်(TNLA)က ယနေ့(ဒီဇင်ဘာ ၂၈ရက်)၊ မနက် ၄နာရီ၌ အပြီးသတ် ထိန်းချုပ်နိုင်ခဲ့ပြီဖြစ်ကြောင်း မြေပြင် စစ်ရေးသတင်းရင်းမြစ်ထံမှ စုံစမ်းသိရှိရသည်။
ပြီးခဲ့သည့် ဒီဇင်ဘာ ၂၆ရက်မှ စတင်ကာ နမ္မတူမြို့နှင့် ၁မိုင်ခန့်သာကွာဝေးသည် စစ်ကောင်စီ ခမရ-၃၂၄ တပ်စခန်းကို TNLA က တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ယနေ့တွင် သိမ်းပိုက်နိုင်ခဲ့ပြီးနောက် မြို့အား ထိန်းချုပ်နိုင်ခဲ့ခြင်းဖြစ်သည်။
“မနက်အစောပိုင်းမှာ ရသွားတယ်။ ကား၊ လက်နက်ခဲယမ်း၊ စစ်ကောင်စီအသုံးပြုတဲ့ လက်နက်တွေအများကြီး သိမ်းမိတယ်လို့ ကြားတယ် ” ဟု နမ္မတူမြို့ခံ အမျိုးသားတစ်ဦးက ပြောသည်။
တိုက်ပွဲဖြစ်ပွားစဉ်အတွင်း စစ်ကောင်စီဘက်က ရဟတ်ယာဉ်၊ ဂျက်လေယာနှင့် Y-12 လေယာဥ်များအသုံးပြုကာ လေကြောင်းတိုက်ခိုက်မှုပြုလုပ်ပြီး ခုခံခဲ့သော်လည်း၊ ၂ရက်အကြာ၌ ခမရ-၃၂၄ တပ်စခန်းကို လက်လွှတ်ခဲ့ရခြင်းဖြစ် သည်။
နမ္မတူမြို့ မဆုံးရှုံးစေရန်အတွက် စစ်ကောင်စီဘက်က ဂျက်တိုက်လေယာဉ် SU-30 အသုံးပြုတိုက်ခိုက်ခဲ့ခြင်းနှင့် လက်နက်ကြီးပစ်ခတ်ခဲ့ခြင်းများကြောင့် ဒေသခံပြည်သူ ၃ဦးသေဆုံးခဲ့ပြီး နေအိမ်များပျက်စီးခဲ့ကြောင်း သိရသည်။
“ဟုတ်တယ်။ နမ္မတူမြို့ကို သိမ်းလိုက်ပြီ၊ စကစ လက်အောက်ခံရှိသမျှ ရုံးတွေလည်း အကုန်သိမ်းလိုက်ပြီ”ဟု TNLA နှင့် နီးစပ်သူတစ်ဦးက ပြောသည်။
တအာင်းတပ်မတော် (TNLA) တပ်သည် နမ့်ဆန်၊ မန်တုံ နှင့် နမ့်ခမ်းမြို့ကို သိမ်းပိုက်နိုင်ခဲ့ကာ၊ ယနေ့ သိမ်းပိုက်ခဲ့သည့် နမ္မတူမြို့အပါအဝင် မြို့လေးမြို့ကို ထိန်းချုပ်ထားနိုင်ပြီဖြစ်သည်။