စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့နယ်၊ မင်းကွန်းယဉ်ကျေးမှုဒေသ မင်းကွန်းနယ် မြေရဲစခန်း၌ စစ်ကောင်စီတပ်မှ အင်အား ဖြည့်တင်းမှုများပြုလုပ်နေသဖြင့် အနီးအနားရှိ ပြည်သူများ တိမ်းရှောင်ရန် နယ်မြေခံ PDF များက အသိပေးမှုများ ပြုလုပ်ထားကြောင်း သိရသည်။
” ဒီရက်ပိုင်း စခန်းထဲကို စစ်ကားတွေဖြည့်နေတယ်။ ရဲစခန်းထဲ အင်အားရာချီရှိ လောက်မယ်။ ဒီနေ့(နိုဝင်ဘာ ၁၉ရက်) မင်းကွန်း တစ်ဖက်ကမ်းက မတ္တရာမြို့နယ် သုံးဆယ်ပေးရွာ တိုက်ပွဲဖြစ်ပြီး စကစက လက်နတ်ကြီးတွေနဲ့ပစ်တာ၊ရွာမီး ရှို့ ခံရတာမြင်ရတော့ မင်းကွန်းဒေသခံအချို့ နေရာ ရွှေ့ပြောင်းမှု ရှိပါတယ်” ဟု မင်းကွန်းဒေသခံတစ်ဦးက ပြောသည်။
ထို့ပြင် ယမန်နေ့က မင်းကွန်းဒေသ ဧရာ၀တီမြစ်တစ်ဖက်ကမ်းရှိ မတ္တရာမြို့နယ်၊ သုံးဆယ်ပေးရွာရှိ စစ်ကောင်စီတပ် စခန်းကို ဒေသခံကာကွယ်ရေးအင်အားစုများက တိုက်ခိုက်ခဲ့ပြီးနောက် စစ်ကူလာသည့် စစ်ကောင်စီတပ်သည် ရွာအား မီးရှို့ဖျက်ဆီးမှုများပြုလုပ်ခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။
“ မင်းကွန်း စခန်းအနီးက နေအိမ်တွေကို မနေ့က(နိုဝင်ဘာ ၁၉ရက်) နောက်ဆုံးထား ရွေ့ပြောင်းပေးဖို့ PDF ကစာ ထုတ်တားတယ်။ ဘယ်ချိန်ဘာဖြစ်မယ်မှန်းမသိတော့ ကြိုပြီး ဘေးလွတ်ရာရှောင်ကြတဲ့သဘောပါ။ တစ်ရွာလုံးမ ဟုတ်ပါဘူး၊ မင်းကွန်းကို လာတဲ့ခရီးသွားကတော့ ခါတိုင်းထက်စာ နည်းသွားတာပေါ့” ဟု မင်းကွန်း ဈေးဆိပ်ရပ်မှ ပြည်သူတစ်ဦးက ပြောသည်။
ပြီးခဲ့သည့် နို၀င်ဘာ ၁၅ရက်နေ့ က Mingun People Defence Force Facebook Pageမှ“မင်းကွန်းရဲစခန်း အနီးပတ် လည်တွင် နေထိုင်သူများအနေဖြင့် နိုဝင်ဘာ ၁၉ ရက်နေ့မတိုင်မီ ရွှေ့ပြောင်းနေထိုင်ကြရန် ၊အသိပေးကာလပြီးဆုံး သည်အထိ ရွှေ့ပြောင်းခြင်းမပြုဘဲ၊ ဆက်လက်နေထိုင်၍ ထိခိုက်မှု တစုံတရာ ရှိလာပါက လုံး၀တာ၀န်ယူ ဖြေရှင်းမည် မဟုတ်ကြောင်းအသိပေးအပ်သည်” ဟု ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။
စစ်ကိုင်းမြို့နှင့် ၁၅မိုင် ကျော်အကွာရှိ မင်းကွန်း ယဉ်ကျေးမှု ဒေသသည် တိုက်နယ် ဆေးရုံ၊ အထကကျောင်း၊နယ်မြေရဲ စခန်းများတည်ရှိပြီး ပြည်တွင်းပြည်ပ ခရီးသွားများနေ့စဉ် ၀င်ရောက်လေ့ရှိသော ရှေးဟောင်းယဉ် ကျေးမှုနယ်မြေ တစ်ခု ဖြစ်သည်။