စစ်ကိုင်းတိုင်း၊ ထီးချိုင့်မြို့တွင် စစ်ကောင်စီ လေကြောင်းတိုက်ခိုက်မှုကြောင့် ကလေးငယ်များ အပါအ၀င်ပြည်သူ ၂၂ဦး သေဆုံးခဲ့ကြောင်း စစ်ဘေးရှောင်ကူညီဆောင်ရွက်သူများထံမှ သိရသည်။
“ နို၀င်ဘာ ၁၂၊ ၁၃၊ ၁၄ သုံးရက်ဆက်တိုက် စစ်ကောင်စီက ဂျက်ဖိုက်တာနဲ့ ဗုံးကြဲမှုကြောင့် ပြည်သူ ၂၂ ဦး သေဆုံးခဲ့ရ ပါတယ်။ စစ်ရေးပစ်မှတ်မဟုတ်တဲ့ နေရာတွေကိုဂျက်ဖိုက်တာနဲ့ တိုက်ခိုက်ခဲ့တာပါ၊ ရွာသုံးရွာက စာရင်းပဲရသေးတယ်။ အဆက်အသွယ်မရသေးတဲ့ ရွာတွေရှိသေးတော့ သေဆုံးသူ စာရင်းတိုးနိုင်တယ်” ဟု ထီးချိုင့်မြို့အတွင်း စစ်ဘေးရှောင် အရေး ကူညီဆောင်ရွက်နေသူတစ်ဦးက ပြောသည်။
ပြီးခဲ့သည့် နို၀င်ဘာ ၁၂ ရက်နေ့တွင် ထီးချိုင့်မြို့နယ် သခွက် ချောင်ရွာ၊ နို၀င်ဘာ ၁၃ရက်နေ့တွင် ကိုးတဲရွာ၊ နို၀င်ဘာ ၁၄ ရက်နေ့တွင် အလယ်တောရွာများအား စစ်ကောင်စီတပ်က လေကြောင်းတိုက်ခိုက်ခဲ့သဖြင့် အရပ်သားပြည်သူ ၂၂ဦး သေဆုံးခဲ့ကာ ကျေးလက် ကျန်းမာရေးဆေးပေးခန်း၊ စာသင်ကျောင်း၊ ဘုန်းကြီးကျောင်းနှင့် လူနေအိမ်များ ပျက်စီးခဲ့ ကြောင်း ဒေသခံများထံမှ သိရသည်။
“ သခွတ်ချောင်ဘုန်းကြီးကျောင်း ဗုံးကြဲခံရတော့ တစ်နှစ်ခွဲကလေးငယ် ၁ဦး၊ အမျိုးသမီး၁ဦး၊ ကိုးတဲရွာ ဗုံးကြဲခံရတော့ ၅နှစ်အောက် ကလေးငယ် ၂ဦး၊ကိုယ်ဝန်ဆောင် အမျိုးသမီး ၁ဦးနဲ့ အမျိုးသမီး၁ဦး၊ အင်းတိန်ရွာ အနီးဗုံးကြဲခံရတော့ ဆိုင်ကယ်စီး အမျိုးသား ၂ဦး၊ အလယ်တောရွာ ဗုံးကြဲခံရတော့ ကလေးတွေအပါ ၁၁ ဦးသေဆုံးခဲ့တယ်” ဟု ဒေသခံတစ်ဦးက ပြောသည်။
ထီးချိုင့်မြို့အား ပြီးခဲ့သည့် နိုဝင်ဘာ ၇ ရက်မှ စတင်ကာ AA၊ KIA၊ PDF၊ ABSDF၊ ထီးချိုင့်မြို့အား မြို့သိမ်းတိုက်ပွဲ ဆင်နွှဲနေခြင်းဖြစ်ပြီး၊ နိုဝင်ဘာ ၁၃ရက် အထိ မြို့တွင်းနေရာအများစုအားစိုးမိုးထားနိုင်ပြီဖြစ်သော်လည်း၊ စစ်ကောင်စီက မြို့ကို လက်မလွှတ်စေရန်အတွက် တစ်ရက်လျှင် လေကြောင်းပစ်ကူ ဆယ်ကြိမ်ထက်မနည်း တိုက်ခိုက်မှုများလုပ်ဆောင်သောကြောင့် တော်လှန်ရေးတပ်ပေါင်းစုသည် မြို့အတွင်းမှ ယာယီဆုတ်ထားရကြောင်း သိရသည်။
ထို့ပြင် စစ်ကောင်စီသည် ထီးချိုင့်မြို့ကို ထိန်းချုပ်နိုင်ရန်အတွက် နိုဝင်ဘာ ၁၂ ရက်မှ စတင်ကာ စစ်ရေးနှင့် သက်ဆိုင် ခြင်း မရှိသည့် ကျေးရွာများသို့ လက်နက်ကြီးနှင့် လေကြောင်းတိုက်ခိုက်မှုများ နေ့စဉ်ပြုလုပ်လျက်ရှိကြောင်း ဒေသခံများထံမှ သိရသည်။