စစ်ကောင်စီတပ်က လက်နက်ကြီးဖြင့်ပစ်ခတ်ခဲ့သဖြင့် ကလေးငယ်အပါအဝင် အရပ်သားသုံးဦးသေဆုံးခဲ့သည်ဟု TNLA သတင်းပြန်ကြားရေးမှ တာဝန်ရှိသူ တစ်ဦးက စက်တင်ဘာ ၂၂ရက်တွင် MPAသို့ပြောသည်။
စစ်ကောင်စီတပ်နှင့် တအောင်းတပ်မတော် (TNLA)တို့ တိုက်ပွဲများ ပြင်းထန်နေသည့် တပ်မဟာ(၁)စစ်ဒေသ မူဆယ်မြို့ နယ် နှင့် တပ်မဟာ(၂)စစ်ဒေသ မိုးကုတ်မြို့နယ်တို့တွင် စစ်ကောင်စီတပ်မှ လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့သဖြင့် အရပ်သားထိခိုက်သေဆုံးမှုနှင့် လူနေအိမ်ထိခိုက်ပျက်စီးမှုရှိခဲ့ခြင်းဖြစ်သည်။
“ ကျနော်တို့ထုတ်ပြန်ထားပါတယ်။ ကလေးငယ်တစ်ယောက်နဲ့လူကြီး ၂ယောက် စုစုပေါင်း ၃ယောက် သေဆုံးခဲ့ပါတယ် ” ဟု TNLAသတင်းပြန်ကြားရေးမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
ပြီးခဲ့သည့် စက်တင်ဘာလ ၂၀ ရက်တွင် စစ်ကောင်စီအထိုင်ချတပ်စွဲထားသည့် မိုးကုတ်မြို့စစ်ဗျူဟာကုန်းမှ လက်နက်ကြီးများဖြင့် ကျေးရွာများသို့ ရည်ရွယ်ချက်ရှိရှိ ပစ်ခတ်တိုက်ခိုက်ခဲ့သည့်အတွက် အထက်ညောင်ကုန်းရွာသို့ လက်နက်ကြီးကျည် ကျရောက်ခဲ့ပြီး အသက်(၅)နှစ်အရွယ် မောင်အောင်ကိုမြတ်၊ အသက် ၄၀ အရွယ် ဒေါ်ယာ မယ်ရီနှင့် ဦးရှမ်းကြီးတို့ သေဆုံးခဲ့ခြင်းဖြစ်သည်ဟု TNLAသတင်းပြန်ကြားရေးက ထုတ်ပြန်ထားသည်။
ထို့ပြင် စက်တင်ဘာ ၁၉ ရက်တွင်လည်း စစ်ကောင်စီ လက်နက်ကြီးပစ်ခတ်မှုကြောင့် ညောင်ဖြူရွာရှိ အမျိုးသားနှစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း၊ မူဆယ်မြို့ လွယ်ကျယ်လောက်၊ နမ့်ဖက်ကာ၊ ၁၀၅ မိုင်တို့ရှိ စစ်ကောင်စီအ ထိုင်စခန်းများမှလည်း နေ့စဉ် လက်နက်ကြီးပစ်ခတ်မှုများကြောင့် အရပ်သားထိခိုက်သေဆုံးမှုများ ရှိနေကြောင်း ဒေသခံများထံမှ သိရသည်။
ယင်းအပြင် စက်တင်ဘာ ၂၀ရက်တွင် မူဆယ်မြို့ ဆုတောင်းပြည့် ဘုန်းတော်ကြီးကျောင်းဝင်းအတွင်း စစ်ကောင်စီပစ်ခတ်လိုက်သည့် လက်နက်ကြီးကျရောက်ပေါက်ကွဲမှုကြောင့် ကျောင်းထိုင်ဆရာတော် တစ်ပါးထိခိုက် ဒဏ်ရာရရှိခဲ့ပြီး ကျောင်းဆောင်အချို့ပျက်စီးခဲ့ကြောင်း၊ စစ်ကောင်စီ ဝါဒဖြန့် တယ်လီဂရမ်ချန်နယ်များတွင် အဆိုပါ ပစ်ခတ်မှုသည် TNLA မှ ပစ်ခတ်ခဲ့ခြင်းဖြစ်သည်ဟု ဖော်ပြထားသည်။
“ မိုးကုတ်နဲ့မူဆယ်မှာ တိုက်ပွဲတွေက အခုထိ ပြင်းထန်နေတယ်။ အဲ့ဒါကြောင့် စစ်ရှောင်နေရတယ်။စစ်တပ်က လက်နက်ကြီးနဲ့ ရမ်းပစ်တာ အရပ်သားတွေကိုထိတယ်လေ။ ကလေးတွေကိုလည်း ထိတာ တစ်ယောက်သေသွားပြီ။အဲ့ဒီတော့ စစ်ရှောင်နေရတယ်။ စစ်ရှောင်တွေအများကြီးဘဲ” ဟု မူဆယ်မြို့ခံ တစ်ဦးက ဆိုသည်။
လက်ရှိ မိုးကုတ်မြို့ နှင့် မူဆယ်မြို့တို့တွင် စစ်ကောင်စီတပ်နှင့် TNLAတို့အကြား ဖြစ်ပွားနေသည့် တိုက်ပွဲများကြောင့် အရပ်သား(၃)ဦးသေဆုံးခဲ့ပြီး (၅)ဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း TNLA သတင်းပြန်ကြားရေးထံမှ သိရသည်။
လတ်တလောဖြစ်ပွားနေသည့် တိုက်ပွဲများကြောင့် မိုးကုတ်မြို့နယ်အနီးတစ်ဝိုက်မှ ဒေသခံ ၅၀၀နီးပါးနှင့် မူဆယ်မြို့နယ်တွင် နမ့်ကတ်ရွာ၊ မန်ကန်ရွာ၊ မိုင်းဆက်ရွာနှင့် စယ်လန့်ရွာမှ ဒေသခံ(၄၀၀)နီးပါးမှာ တုန်ခွမ်းရွာဇရပ်နှင့် နမ့်ခမ်းမြို့တွင် စစ်ဘေးတိမ်းရှောင်နေရသည်။