မွန်ပြည်နယ်အခြေစိုက် ဒေသကာကွယ်ရေးတပ်ဖွဲ့ဖြစ်သည့် Kyaikhto Revolution Force ၏ ၂ နှစ်တာတိုက်ပွဲများ အတွင်း စစ်အုပ်စုဝင် ၁၆၀ကျော် သေဆုံးခဲ့ကြောင်း သိရသည်။
စက်တင်ဘာ၁၃ရက်နေ့တွင် ကျိုက်ထိုတော်လှန်ရေးအင်အားစု(Kyaikhto Revolution Force)တည်ထောင်မှု ၂နှစ် ပြည့်ပြီဖြစ်ပြီး ၂နှစ်တာကာလအတွင်း စစ်ဆင်ရေးပေါင်း ၁၀၀ ကျော် လုပ်ဆောင်ခဲ့ရာ စစ်အုပ်စုဝင်၁၅၀ခန့်လည်း ဒဏ်ရာရရှိခဲ့ကြောင်းKRFကထုတ်ပြန်ထားသည်။
“ဒီ ၂ နှစ်အတွင်းမှာ ကျနော်တို့ ရဲဘော်တွေရဲ့ တိုက်ရည်ခိုက်ရည်တိုးတက်လာတာတွေရှိပါတယ်။ဒါကလည်း တိုက်နေရင်းနဲ့ပဲ ရန်သူက သင်ပေးသွားတာတွေရှိပါတယ်။ကျနော်တို့ လုပ်ဆောင်ခဲ့တဲ့ မစ်ရှင်တိုင်းမှာ ပြည်သူတွေထိခိုက်တာမရှိဘူး။စစ်ကောင်စီဘက်က ရမ်းသန်းပစ်ခတ်လို့သာ ထိခိုက်မှုရှိတာပါ”ဟု KRF တာဝန်ခံ ကပြောသည်။
KRFသည် ပြည်သူတို့၏ထောက်ပံ့ကူညီမှုများဖြင့် ၂နှစ်တာအတွင်း တော်လှန်ရေးမဟာမိတ်အင်အားစုများနှင့်ပူးပေါင်းကာ ပစ်ခတ်တိုက်ခိုက်ခြင်း၊မိုင်းဆွဲ တိုက်ခိုက်ခြင်း၊ဒရုန်းဖြင့် ဗုံးကြဲခြင်း စသည့် လုပ်ငန်းများကိုလုပ်ဆောင်ခဲ့ကြောင်းသိရသည်။
၂ နှစ်တာကာလအတွင်း KRFရဲဘော် ၇ ဦးကျဆုံးခဲ့ကြောင်းလည်းဆိုသည်။