ကယား(ကရင်နီ)ပြည်နယ်၊ ဒီးမော့ဆို အနောက်ခြမ်းတွင် ယခုရက်ပိုင်းအတွင်း မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ဗုံးခိုကျင်းများအတွင်း ရေများပြည့်လာသည့်အတွက် စစ်ရှောင်ပြည်သူများ အခက်အခဲဖြစ်ပေါ်နေကြောင်း ဒေသခံများထံမှ စုံစမ်းသိရှိရသည်။
“ မိုးတွင်းမှာ မိုးရွာတာက မဆန်းဘူးဆိုပေမယ့် အခုလို မိုးတွေ အရမ်းသည်းနေတော့ ကျမတို့လို စစ်ဘေးရှောင်ပြည် သူတွေ အားလုံးက အဆင်မပြေဘူး။ လမ်းခရီးသော်လည်ကောင်းပေါ့၊ ဒါပေမဲ့ အခုချိန် အဆိုးဆုံးက မိုးတွေကြီးတော့ ရေတွေက ဗုံးခိုကျင်းတွေထဲမှာ ပြည့်ကုန်တယ်။ ရေက တရက်နှစ်ရက်ဆိုလည်း မကျဘူး။ အဲ့ဒါကြောင့် တစ်ခုခုဆို ပုန်းခိုလို့မရတော့ဘူးပေါ့” ဟု ဒီးမော့ဆိုစစ်ရှောင်တဦးက ပြောသည်။
ထိုကဲ့သို့ မိုးကောင်းမှုကြောင့် ဗုံးခိုကျင်းများ ရေပြည့်လာသည့်အပြင် စောင်များပါ မိုးရေစိုသည့်အတွက် စစ်ရှောင်များအနေဖြင့် ချမ်းအေးသည့် ဒဏ်ကိုပါ ခံစားနေရကြောင်းသိရသည်။
“ ရေတွေ စိမ့်ထွက်တော့ စောင်တွေ၊ အိတ်တွေပါ စိုကုန်တယ်။ မြေတွေဆို ပျော့လို့ ပြိုကုန်တယ်။ အဲ့ဒီလိုနဲ့ တစ်ခုခုဆို ပြေးပုန်းခိုစရာ နေရာအဆင်မပြောတော့ဘူး။ မိုးတွင်းကြီးမှာ အမိုးကမလုံ ပုန်းစရာနေရာလည်းမရှိဖြစ်နေတာ” ဟု စစ်ရှောင်ပြည်သူတစ်ဦးက ဆိုသည်။
လက်ရှိ ဒီးမော့ဆို အနောက်ခြမ်းသို့ စစ်ကောင်စီမှ စစ်ကြောင်းထိုးကာ လက်နက်ကြီးများဖြင့် ပစ်ခတ်နေသည့်အတွက် ဒေသခံပြည်သူများဘေးလွတ်ရာသို့ရှောင်တိမ်းနေရပြီး၊ စစ်ရှောင်များအနေဖြင့် နေထိုင်စရာ၊ စားနပ်ရိက္ခာ နှင့် ဆေးဝါးလိုအပ်ချက်များ များပြားလျက်ရှိနေသည်။