ကော်သူးလေအုပ်ချုပ်နယ်မြေ၊ ခလယ်လွီထူ (ညောင်လေးပင်)ခရိုင်၊ မူး(မုန်း)မြို့နယ်အတွင်းရှိ စစ်ကောင်စီ သစ်ချဆိပ်စခန်းအား KNLA ပူးပေါင်းတပ်ဖွဲ့မှ သိမ်းပိုက်နိုင်ခဲ့ကြောင်း KNU ဗဟိုမှ ယနေ့(စက်တင်ဘာ ၂ ရက်)ထုတ်ပြန်ထားသည်။
ပြီးခဲ့သည့် ဩဂုတ် ၃၁ရက် ၊ မနက် ၅နာရီမှစတင်ကာ သစ်ချဆိပ်စခန်းအား ကရင်အမျိုးသားလွတ်မြောက်ရေး တပ်မတော် (K.N.L.A) တပ်ရင်း (၈)၊ တပ်ရင်း (၉)၊ ကရင်အမျိုးသားကာကွယ်ရေးတပ် ( KNDO ) တပ်ရင်း (၃) တို့ပူးပေါင်းထားသော တပ်မဟာ ဌာနချုပ် စစ်ကြောင်းနှင့် လက်အောက်ခံ ပူးပေါင်းတပ်ဖွဲ့များမှ ဝင်ရောက်တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး၊ စက်တင်ဘာလ (၁) ရက် ညနေ ၅နာရီ ၃၀မိနစ်တွင် ယင်းစခန်းအား သိမ်းပိုက်နိုင်ခဲ့ခြင်းဖြစ်သည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
အဆိုပါ စခန်းသိမ်းတိုက်ပွဲအတွင်း KNLAပူးပေါင်းတပ်ဖွဲ့မှ ရဲဘော် ၂ဦးကျဆုံးခဲ့ပြီး၊ ၁၈ဦး ကျည်ထိဒဏ်ရာရရှိခဲ့ကြောင်း၊ စစ်ကောင်စီတပ်ဘက်မှ ၁၅ဦးသေဆုံးကာ ၊သေနတ် ၂၂လက်ရရှိခဲ့သည်ဟု တိုက်ပွဲအတွင်းပါဝင်ခဲ့သည့် တာဝန်ရှိသူတစ်ဦးက MPA သို့ပြောသည်။
“ တိုက်ပွဲက ၂ရက်နီးပါးကြာပါတယ်။လက်နက်ချပြီးအညံ့ခံပါလို့ ပြောတာကို လက်မခံလို့ ဝင်တိုက်တာပါ။ KNLAပူးပေါင်းတပ်ဖွဲ့က ရဲဘော် ၁၈ဦး ဒဏ်ရာရခဲ့ပေမယ့် မစိုးရိမ်ရပါဘူး။ရဲဘော်နှစ်ဦးကျတဲ့ အချိန်က ကျတော်တို့က တစ်ခြားနေရာကနေ နေရာခွဲပြီး စခန်းကို ညှပ်တိုက်နေတော့ အချိန်အတိအကျတော့ ကျတော် မသိဘူးဗျ ဒါပေမဲ့ စတိုက်တဲ့ မနက်ခင်းပိုင်းမှာပဲ နှစ်ယောက်လုံးကျတာပဲသိတယ်” ဟု ၎င်းက ပြောသည်။
ဆက်လက်ပြီး “ စခန်းသိမ်းလို့ရပြီးတော့ ဒုတပ်ကြပ်အဆင့်ရှိတဲ့သူကို ကျတော်တို့ရပါတယ်။သူ့ကို ဗျူဟာမှုးတို့ကပဲဆက်လက်လုပ်ဆောင်သွားမှာပါ။ ဖြစ်စဉ်ကတော့ ၃၁ ရက်နေ့ မနက် ၅ နာရီမှာ စတိုက်တာပဲဗျ တပ်မဟာ ၃ တပ်ရင်း ၈၊ တပ်ရင်း ၉၊ Special force column Spring warrior column အားလုံးပေါင်းတိုက်တာပါ။ကွန်မန်ဒိုပြောင်း (၂) လက်၊ စက်လတ် (၁) လက် နဲ့ လက်နက်ငယ် စုစုပေါင်း (၁၉) လက်ကို သိမ်းဆည်းရမိခဲ့ပါတယ်” ဟု စခန်းသိမ်းတိုက်ပွဲအတွင်း ပါဝင်ခဲ့သည့် တာဝန်ရှိသူတစ်ဦးက ပြောသည်။
သစ်ချဆိပ်စခန်း တိုက်ခိုက်ခံရပြီး နာရီပိုင်းအကြာတွင် စစ်ကောင်စီတပ် မှ လေကြောင်းပစ်ကူဖြင့် တိုက်ခိုက်မှုများပြုလုပ်ခဲ့ကြောင်း စခန်းသိမ်းတိုက်ပွဲအတွင်း ပါဝင်ခဲ့သည့် တာဝန်ရှိသူတစ်ဦးက ပြောသည်။
“ လေယာဉ်ပျံ ကတော့ ဂျက်လေယာဉ်သုံးခါ ၊ ရဟတ်ယာဉ် နှစ်ခါနဲ့ ပထမ တိုက်တဲ့ရက်မှာဘဲ ပစ်တာပေါ့။ဒုတိယ စခန်းရခါနီးကျတော့ ဘယ်နှစ်ခါမှန်းကို မသိတော့ဘူး။တော်တော်များများ ဆက်တိုက်လာပစ်တာပဲ မှတ်မိတယ်” ဟု ၎င်းက ပြောသည်။
သစ်ချဆိပ်စခန်းတွင်တပ်စွဲထားသည့် စစ်ကောင်စီတပ်များသည် လမ်းသွားလမ်းလာ ပြည်သူများအား စစ်ဆေးမေးမြန်းမှုများပြုလုပ်ခြင်း၊ အနီးနားရှိဒေသခံပြည်သူများ လုပ်ကိုင်စားသောက်သော လုပ်ငန်းခွင်များနှင့် နေထိုင်ရာကျေးရွာများသို့ မကြာခဏ လက်နက်ကြီးများဖြင့်ပစ်ခတ်ခြင်း၊ ပြည်သူလူထုများအား တံတိုင်းသဖွယ် ထားရှိပြီး စခန်းအား တည်ဆောက်ထားခြင်းနှင့် ပြည်သူများအား လက်နက်အားကိုးပြီး အနိုင်ကျင့်မှုများ ပြုလုပ်လျက် ရှိသောကြောင့် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (K.N.L.A) တပ်မဟာ (၃) လက်အောက်ခံတပ်ဖွဲ့များမှ တိုက်ခိုက်သိမ်းပိုက်ရခြင်းဖြစ်သည်ဟု KNUဗဟိုမှ ဆိုထားသည်။