ချင်းပြည်နယ်၊ ထန်တလန်မြို့ပေါ်တွင် ယမန်နေ့က စစ်ကောင်စီနှင့် ဒေသကာကွယ်ရေးတပ်ဖွဲ့အကြား တိုက်ပွဲဖြစ်ပွားခဲ့ရာ ကာကွယ်ရေးတပ်မှ ရဲဘော် ၃ ဦးကျဆုံးပြီး သေနတ် ၆ လက်နှင့် စစ်သား ၂ ဦး အရှင်ဖမ်းမိခဲ့ကြောင်း ချင်းအမျိုးသားတပ်ဦး (CNF) က ယနေ့တွင် သတင်းထုတ်ပြန်သည်။
ထန်တလန်မြို့ပေါ်ရှိ ခလရ (၂၆၉) စစ်ကောင်စီဌာနချုပ်စခန်းကို ချင်းအမျိုးသားတပ်မတော် (CNA)၊ CDF (ထန်တလန်) နှင့် CDF (Zophei) ပူးပေါင်းတပ်ဖွဲ့များက သြဂုတ်လ ၁၄ ရက် နံနက် ၅ နာရီအချိန်ခန့်တွင် ဝင်ရောက်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။
“ဆုံးတာက CDF (Zophie) က ရဲဘော် ၃ ဦး ကျဆုံးတယ်။ ခလရ (၂၆၉) ရဲ့ လုံခြုံရေးစခန်းကို သိမ်းနိုင်ခဲ့တယ်။ အဲ့ဒီမှာ စစ်သား ၂ ယောက်ပေါ့နော။ အရှင်ဖမ်းမိတယ်။ စစ်သားသေတာတော့ ဘယ်လောက်ဆိုတာ အတိအကျမသိရဘူး။ လက်နက် ၆ လက်သိမ်းဆည်းမိခဲ့တယ်လို့ သိရတယ်”ဟု ကာကွယ်ရေးတပ်ဖွဲ့များနှင့် နီးစပ်သူတစ်ဦးက MPA သို့ ပြောသည်။
ယင်းတိုက်ပွဲတွင် ကျဆုံးသွားသည့် ကာကွယ်ရေးရဲဘော်များမှာ CDF (Zophie)၊ တပ်ရင်း ၂ မှ ဆလိုင်းလိုင်နှင်းထန်း (အသက်၂၂)၊ ဆလိုင်းဟင်နရီတီာလ်ကျုံးဘိခ့် (အသက် ၁၉) နှင့် ဆလိုင်းသင်ပဲန်လျန်း (အသက် ၁၈) တို့ ဖြစ်သည်ဟု သိရသည်။
စစ်ကောင်စီသည် တိုက်ပွဲအတွင်း ဟားခါးမြို့မှ လက်နက်ကြီးပစ်ကူများပေးခဲ့ပြီး နေ့လယ် ၁၂ နာရီခန့်တွင် ထန်တလန်မြို့နှင့် ၅ မိုင်ခန့်အကွာရှိ ခွာဖိုကျေးရွာအား လေကြောင်းတိုက်ခိုက်ခဲ့ရာ ဘုရားကျောင်းနှင့် လူနေအိမ် ၄ လုံး ပျက်စီးဆုံးရှုံးခဲ့ရသည်ဟု စုံစမ်းသိရှိရသည်။